ပွင့်သစ်ဝေ (𝗕𝗟𝗢𝗦𝗦𝗢𝗠 𝗙𝗨𝗧𝗨𝗥𝗘) မှ ဦးစီးကျင်းပပြုလုပ်သော (၂၀၂၆ခုနှစ်၊ မတ်လ(၂)ရက်နေ့မှ မတ်လ(၁၃)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော 𝗕𝗟𝗢𝗦𝗦𝗢𝗠 𝗙𝗨𝗧𝗨𝗥𝗘 ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ မတ်လ(၁၃)ရက်နေ့ညနေ (၅:၀၀)နာရီတွင် ထိုင်းမြန်မာနယ်စပ်ဒေသရှိ ပွင့်သစ်ဝေ (𝗕𝗟𝗢𝗦𝗦𝗢𝗠 𝗙𝗨𝗧𝗨𝗥𝗘) ၏ စက်ချုပ်သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခြေခံ မော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၈)ကို တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသူ(၆)ယောက်၊ သင်တန်းသား (၅)ယောက် စုစုပေါင်း(၁၁)ဦးရှိပါသည်။ ပထမဦးစွာ 𝗕𝗟𝗢𝗦𝗦𝗢𝗠 𝗙𝗨𝗧𝗨𝗥𝗘 မှ Field Coordinator မသိင်္ဂီမှ ဤကဲ့သို့ အပ်ချုပ်စက်သင်တန်းဖွင့်လှစ်ပေးရခြင်းမှာ စက်ချုပ်ပညာဖြင့် အလုပ်အကိုင် လုပ်နိုင်ကြရန် သင်တန်းဖွင့် သင်ကြားခြင်းမျိုးလည်း ရည်ရွယ်ကြောင်း၊ မိမိကိုယ်တိုင် ရပ်တည်နိုင်သော အလုပ်အကိုင်ရရှိအောင် စွမ်းဆောင်ရည် မြှင့်တင်ပေးသော သင်တန်းမျိုးလည်းဖြစ်ကြောင်း၊ အခြေခံမော်တာစက်ချုပ်သင်တန်းနှင့် စပ်ဆိုင်သော လုပ်ငန်းခွင်များတွင်လည်း ကိုယ်တိုင်ချုပ်တတ်ပြီး ရပ်တည်နိူင်ကြပြီး၊ အလုပ်ကိုင် အခွင့်အလမ်းများ ရရှိကြစေရန်ပြောကြားရင်း နူတ်ဆက်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းဆရာမဒေါ်မေသန္တာလှိုင် မှ သင်တန်းသား/ သူများအား သင်တန်းပြီးဆုံးသွားသော်လည်း မိမိတို့အချင်းချင်း ညီအစ်ကိုမောင်နှမအရင်းသဖွယ် ရှေ့ဆက်ခင်မင်သွားကြပြီး တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းကြရန်နှင့် စက်ချုပ်ပညာရပ်နှင့်ပတ်သတ်၍ လိုအပ်လာပါကလည်း ဆရာမထံ အကူအညီ တောင်းခံနိုင်ပါကြောင်း၊ မဲဆောက်ရောက် မြန်မာပြည်သူများအတွက်လည်း မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များဖြင့် ပြန်လည်အကျိုးပြုကြစေလိုကြောင်းနှင့် လုပ်ငန်းခွင်သို့ဝင်ရောက်သည့်အခါတွင်လည်း ကြိုးစားပြီး ဖြစ်ဖြစ် မြောက်မြောက် ထိထိရောက်ရောက် လုပ်စေလိုကြောင်း တို့ကို ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းတက်ရောက်ပြီးစီးခဲ့သော သင်တန်းသား၊သင်တန်းသူများအတွက် အလုပ်အကိုင်များ ချိတ်ဆက်ရှာဖွေပေးရေး တာဝန်ခံ ကိုဂျယ်ရီမှလည်း အလုပ်အကိုင် အခွင့်အလမ်းများနှင့်ပတ်သတ်၍ သိရှိထားရမည့်အချက်များကို သေချာစွာ ရှင်းလင်းပြောပြပေးခဲ့ပြီး သင်တန်းသား၊သင်တန်းသူများ သိရှိလိုသော မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့သည်။
နောက်ဆုံးအနေဖြင့် သင်တန်းတာဝန်ခံမှ သင်တန်းကာလတလျှောက် စေတနာပြည့်ဝစွာဖြင့်သင်ကြားပြသပေးခဲ့သော သင်တန်းဆရာမကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ အလုပ်အကိုင်များချိတ်ဆက်ရှာဖွေပေးသော ကိုဂျယ်ရီကိုလည်း ကျေးဇူးတင်ရှိပါကြောင်း သင်တန်းသားများအနေဖြင့် သင်တန်းပြီးဆုံးသွားသော်လည်း သင်တန်းသား၊ သင်တန်းသူများအချင်းချင်း မိသားစုဝင်များကဲ့သို့ တစ်ဦးနှင့်တစ်ဦး စည်းစည်းလုံးလုံးရှိကာ တစ်ဦး၏လိုအပ်ချက်ကိုတစ်ဦးကကူညီရိုင်းပင်းကြရန်နှင့် အကူအညီလိုအပ်ပါကလည်း အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ သင်တန်းသားသင်တန်းသူတို့၏ အကြံပြုချက် များအတွက် ကျေးဇူးတင်ကြောင်းနှင့် ထိုအကြံပြုချက်များကိုလည်း တက်နိုင်သလောက် ကြိုးစားပြီး လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆရာ/ဆရာမများ၏ ပြောကြားမှုများအပြီးတွင် သင်တန်းသူ/သင်တန်းသားတစ်ဦးချင်းစီမှ သင်တန်း၏ အားသာချက်/ အားနည်းချက်များနှင့် ကြုံတွေ့ရသောအခက်အခဲများ၊ ကျေနပ်ပီတိစကားများကိုမျှဝေခဲ့ကြပါသည်။ အဆိုပါတင်ပြ ဆွေးနွေးမှုများအပြီးတွင် သင်တန်းသူ၊ သား(၁၁)ဦးတို့အား သင်တန်းဆင်းလက်မှတ်များ၊အမှတ်တရဓာတ်ပုံများရိုက်ကူးရင်း သင်တန်းကာလ တစ်လျောက် ကြိုးစားခဲ့သော သင်တန်းသူ၊ သင်တန်းသားများအား ပထမဆု(၅၀၀)ဘတ်၊ ဒုတိယဆု(၃၀၀)ဘတ်၊ တတိယဆု(၂၀၀)ဘတ်များ ပေးအပ်ခဲ့ပြီး အမှတ်တရ ဓါတ်ပုံများရိုက်ကူးကာ သင်တန်းဆင်းပွဲကို အောင်မြင်စွာပိတ်သိမ်းခဲ့ပါသည်။

