နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံ မော်တာစက်ချုပ်သင်တန်း အပတ်စဉ် ( ၄၇ ) သင်တန်းဖွင့်ပွဲအခမ်းအနား

ရက်စွဲ။ ။၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်

Japan’s Official Development Assistance-ODA ၏ ပံ့ပိုးကူညီမှုဖြင့် New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၇) ရက်ကြာ အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” အပတ်စဉ် (၄၇) ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် အမျိုးသမီးသင်တန်းသူ (၁၁) ဦးနှင့် အမျိုးသား သင်တန်းသား (၂) ဦး တက်ရောက်သင်ယူကြမည် ဖြစ်ပါသည်။

ဦးစွာပထမ New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင်မှ အခြေခံမော်တာ စက်ချုပ်သင်တန်းများကို ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ဖွင့်လှစ်ခဲ့ပြီး အခက်အခဲများစွာရှိခဲ့ကြောင်း၊ ယခုသင်တန်းအား Japan’s Official Development Assistance-ODA မှ ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန် နှင့် အထည်ချုပ်စက်ရုံများတွင် စက်ချုပ် အလုပ်အကိုင်အား အလွယ်တကူရရှိရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းကာလ စည်းကမ်းများကို လေးစား လိုက်နာရန်၊ သင်တန်းကာလအတွင်း မိသားစုဝင်များကဲ့သို့ ပေါင်းသင်းဆက်ဆံကြရန်နှင့် သင်တန်းသားအားလုံး သင်တန်းပြီးဆုံးသည်အထိ တက်ရောက်‌ပေးကြရန်၊ သင်တန်းကာလ ပြီးဆုံးသွားပါက လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ရန် ကြိုးစား ရှာဖွေပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစွမ်းအစဖြင့် ရပ်တည်နိင်ပြီး တခြားခက်ခဲနေသူများကိုလည်း ပြန်လည် ကူညီပေးရန်တို့အား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းဆရာမ ဒေါ်သီတာ မှ အခမဲ့ အခြေခံမော်တာစက်ချုပ်သင်တန်းသို့ ရောက်ရှိလာကြ သော သင်တန်းသူ / သား များအား ဝမ်းသာကြိုဆိုကြောင်း ၊ New Myanmar Foundation ၏ ကူညီဆောင်ရွက်နေမှု များနှင့် မိမိတို့လိုအပ်သည့်အချိန်တွင် ဆက်သွယ်အကူအညီ တောင်းနိုင်ပါကြောင်း၊ အချင်းချင်းဗဟုသုတမျှဝေနိုင်ရန် နှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ အခြားသော အထောက်အပံ့များ ရယူနိုင်ခွင့်များအတွက် Signal Group များ ဖွဲ့ပေးထားခြင်းဖြစ်ကြောင်း၊ လိုအပ်မှုများနှင့် အကြံပြုလိုသည်များရှိပါက ဆက်သွယ်နိုင်ပါကြောင်း၊ သင်တန်းသား/သူ အချင်းချင်း သင်တန်းကာလတွင် မောင်နှမစိတ်ဓာတ်ဖြင့် ရိုင်းပင်းစောင့်ရှောက်စေလိုကြောင်း၊ သင်တန်းအား ပြီးဆုံးသည်အထိ တက်ရောက်ပြီး သင်တန်းမှ ချမှတ်ထားသော စည်းကမ်းများအား လိုက်နာပေးပါရန်၊ အသက် မွေးဝမ်းကြောင်း ပညာတခုအဖြစ် ရပ်တည်နိုင်ရန်အတွက် လုံံ့လစိုက်ကာ ကြိုးစားသင်ယူရန်တို့ ပြောကြားခဲ့ပါသည်။

ထို့နောက် အလုပ်အကိုင်ရှာဖွေရေးတာဝန်ခံ ကိုညီညီဦးမှလည်း သင်တန်းတက်ရောက်လာသော သင်တန်းသား/သင်တန်းသူများကို ကြိုဆိုပါကြောင်း၊ သင်တန်းကာလအတွင်း ဆရာမ၏ သင်ကြားမှုများအား ကြိုးစား သင်ယူရန်၊ မိသားစုဝင်များကဲ့သို့အချင်းချင်း စည်းစည်းလုံးလုံးနဲ့ ကြိုးစားလေ့လာစေချင်ကြောင်း၊ သင်တန်းပြီးဆုံး ပါကလည်း အလုပ်အကိုင်များ ရရှိရန်အတွက်လည်း ချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း၊ အကူအညီ လိုအပ်ပါကလည်း

အချိန်မရွေးဆက်သွယ် မေးမြန်းနိုင်ကြောင်းတို့အား ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသားများမှ တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြား၍ သင်တန်းအားအောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!