စစ်ကိုင်းတိုင်းဒေသတွင်းဆွေးနွေးပွဲ (𝐒𝐚𝐠𝐚𝐢𝐧𝐠 𝐅𝐨𝐫𝐮𝐦) အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ်တွင် ဝမ်းမြောက်အားပေးကြောင်း 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ သဝဏ်လွှာ

နေ့စွဲ – ၁၂.၀၆.၂၀၂၃

ဦးစွာပထမအနေဖြင့် မြန်မာနိုင်ငံသူ/သားများအားလုံး ကြုံတွေ့ခံစားနေရသော စစ်အာဏာရှင်စနစ် အပြီးတိုင်ဖယ်ရှားရေးတိုက်ပွဲတွင် စစ်ကိုင်းတိုင်းမှပြည်သူများနှင့် အဖွဲ့အစည်းများမှ အင်တိုက်အားတိုက် တိုက်ပွဲ၀င်နေကြသည်ကို မြန်မာပြည်သူတရပ်လုံးကိုယ်စား အထူးအသိအမှတ် ပြု ဂုဏ်ယူလေးစားအပ်ပါသည်။

မေလ (၃၀) ရက်နှင့် (၃၁) ရက်တွင် ကျင်းပခဲ့သော စစ်ကိုင်းတိုင်း‌ ဒေသတွင်းဆွေးနွေးပွဲ (Sagaing Forum) ကြီးသို့ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ အခြေစိုက်အဖွဲ့အစည်းအသီးသီး (၁၇၃) ဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ပြီး စောင့်ကြည့်လေ့လာသူ (၃၁) ဦးရှိခဲ့ကြောင်း သိရှိရသည့်အတွက် အလွန်ပင် အားတက်၀မ်းမြောက်မိပါသည်။ စစ်ကိုင်းတိုင်းအတွင်းရှိအဖွဲ့အစည်းများ (အထူးသဖြင့် စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်စွဲ၍ တော်လှန်တိုက်ပွဲ၀င်နေကြသည့် အဖွဲ့အစည်းများ) အကြားတွင် ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ ဖြစ်ပေါ်လာနိုင်သော အခက်အခဲ များ၊ ပွတ်တိုက်မှုများ၊ ပြသနာများကို ကြိုတင်ကာကွယ်တားဆီးရေးနှင့် ယင်းကဲ့သို့သော ပြသနာများ ပေါ်ပေါက်လာပါကလည်း ပြေပြေလည်လည် ဖြေရှင်းနိုင်စေရေးတို့အတွက် ဤကဲ့သို့သောဒေသအတွင်း အခြေစိုက်အဖွဲ့အစည်းများကြား ညှိနှိုင်းဆွေးနွေးပွဲများသည် မရှိမဖြစ် လိုအပ်လှပါသည်။ သို့ပါသောကြောင့် ဤ Sagaing Forum ကဲ့သို့ အရေးကြီးလှသော အဖွဲ့ပေါင်းစုံညှိနှိုင်းပွဲကို စတင်အကောင်အထည်ဖော်ကာ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့နိုင်သည့်အတွက် ၀ိုင်း၀န်းကြိုးပမ်း ထောက်ပံ့ကူညီအားပေးတက်ရောက်သူအားလုံး၊ ပါ၀င်ပတ်သက်ခဲ့သူအားလုံးအား ချီးကျူးဂုဏ်ပြုအပ်ပါသည်။

ယခု Forum တွင် ဆွေးနွေးသွားခဲ့သော စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုတိုက်ပွဲများ၊ စီဒီအမ် လှုပ်ရှားမှုများ၊ အရင်းအမြစ်ဆိုင်ရာ ပြသနာများ၊ ကယ်ဆယ်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများနှင့် ဒေသတွင်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများအား ပြန်လည်ထူထောင်ရေး စသည့် လုပ်ငန်း ကိစ္စရပ်များသည် အမှန်တကယ်ပင် သင့်လျော်ကောင်းမွန်သည့် အချက်များဖြစ်ပါသည်။ ထို့အပြင် တက်ရောက်သူများသည် အရေးကြီးသော အချက်ဖြစ်သည့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်တိုက်ခိုက်နေသော ဒေသတွင်းရှိ နိုင်ငံရေးနှင့်တော်လှန်ရေးတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းအားလုံး ပါဝင်သော ဆွေးနွေးညှိနှိုင်းရေး ကောင်စီတရပ် ဖွဲ့စည်းရေးအတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း ကြားသိခဲ့ရပါသည်။

၁၉၄၅ခုနှစ်တွင် ဗမာ့တပ်မတော်၊ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီတို့ ဦးဆောင်ကာ အခြားသောတော်လှန်ရေး/နိုင်ငံရေး အဖွဲ့အစည်းများ ပူးပေါင်းပါ၀င်မှု၊ ပြည်သူများ၏ အားပေးမှုဖြင့် ဖက်ဆစ်ဂျပန်ကို တော်လှန်အောင်မြင်ခဲ့သည့် သမိုင်း၀င်တော်လှန်ရေးကြီး ကဲ့သို့ပင် ယခုကြုံတွေ့နေရသော မြန်မာဖက်ဆစ်တော်လှန်ရေးတွင်လည်း စစ်အာဏာရှင်များအား အစွမ်းကုန်ခုခံတော်လှန်နေသော အဖွဲ့အစည်းများနှင့် ပြည်သူများမှ ညီညွတ်စွာတွန်းလှန်ဖယ်ရှား အောင်မြင်နိုင်မည်ဟု ယုံကြည်ပါသည်။ စစ်ကိုင်းတိုင်းအတွင်း ဖက်ဒရယ်ယူနစ်တခုကို ထူထောင်နိုင်ပါက အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရန် မျှော်လင့်ချက်များ ပိုမို အသက်၀င်လာမည်ဟုလည်း ယုံကြည်ပါသည်။

နိဂုံးချုပ်အနေဖြင့် ဤ Sagaing Forum သည် ဒေသအတွင်းရှိ ဒီမိုက‌ရေစီရေးတိုက်ပွဲ၀င်နေသော အဖွဲ့အစည်းများအားလုံးကို စုစည်းနိုင်စေသည့် ထိရောက်သော အထောက်အပံ့ကောင်းဖြစ်ပါစေကြောင်းနှင့် ပိုမိုညီညွတ်မျှတစွာ တော်လှန်ရေးကြီးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

NEW MYANMAR FOUNDATION

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!