



Blossom Future (ပွင့်သစ်ဝေ) မှ ဆောင်ရွက်လျက်ရှိသော အသေးစားမွေးမြူရေးနှင့် တကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ကူညီမှုအစီအစဉ်၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား အသိပေးကြေညာခြင်း
ရက်စွဲ ။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်။
Blossom Future (ပွင့်သစ်ဝေ) နှင့် Church World Service (CWS) တို့ ပူးပေါင်း၍ မဲဆောက်မြို့နှင့် အနီးဝန်းကျင်ဒေသများရှိ ရွှေ့ပြောင်းမြန်မာမိသားစုများ၏ အသက်မွေးဝမ်းကျောင်းနှင့် တကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ လိုအပ်ချက်များကို အထောက်အကူပြုဖြည့်ဆည်းနိုင်ရန် အသေးစားမွေးမြူရေးနှင့် တကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ကူညီပေးသည့် အစီအစဉ်ကို အောက်ပါလျာထားမှုများအတိုင်း ဆောင်ရွက်လျက်ရှိပါသည်-
• အမျိုးသမီးတစ်ဦးလျှင် တကိုယ်ရည်လစဉ်သုံး ပစ္စည်း (၄) မျိုးပါဝင်သည့် ပစ္စည်းအစုအား အမျိုးသမီး (၁,၇၀၀) ဦး။
• တစ်အိမ်ထောင်လျှင် ကြက် (၄) ကောင်နှုန်းဖြင့် အိမ်ထောင်စု (၄၀၀) စု။
• တစ်အိမ်ထောင်လျှင် ဆိတ် (၁) ကောင်နှုန်းဖြင့် အိမ်ထောင်စု (၄၁၀) စု။
• တစ်အိမ်ထောင်လျှင် ဝက် (၁) ကောင်နှုန်းဖြင့် အိမ်ထောင်စု (၂၄၅) စု။
စသည် ထောက်ပံ့မှုများအား သတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ ရွေးချယ်ကာ ဖြန့်ဝေပေးသွားမည် ဖြစ်ပါသည်။
အဆိုပါ ထောက်ပံ့မှုအစီအစဉ်အတွက် လျှောက်လွှာများကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ လက်ခံခဲ့ပြီး လျှောက်ထားလာသည်များမှ စိစစ်ရွေးချယ်ပြီးနောက်
• အမျိုးသမီး (၁,၇၀၀) ဦးအတွက် တကိုယ်ရည်လစဉ်သုံး ပစ္စည်း (၄) မျိုးပါ ပစ္စည်းအစုများ အားလုံးအား စက်တင်ဘာလအတွင်းတွင်လည်းကောင်း
• မဲဆောက်မြို့နှင့် အနီးဝန်းကျင်ဒေသများရှိ ရွှေ့ပြောင်းမြန်မာအိမ်ထောင်စု (၅၃) စု ထံသို့ အိမ်မွေး ကြက်များကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နှင့် (၂၉) ရက်နေ့များတွင်လည်းကောင်း အသီးသီး ဖြန့်ဝေခဲ့ပြီး ဖြစ်ပါသည်။
အသေးစားမွေးမြူရေးလုပ်ငန်းစဉ်အတွက် သင့်လျော်သော အရေအတွက်နှင့် အရည်အသွေးရှိသည့် တိရစ္ဆာန်များကို ရာနှင့်ချီ၍ ရှာဖွေစိစစ် ဝယ်ယူရခြင်းနှင့် ၎င်းတို့အား သယ်ယူပို့ဆောင်ရခြင်း စသည့် လုပ်ငန်းစဉ်များတွင် ခန့်မှန်းကြာမြှင့်ချိန်ထက် ပိုမိုကြာမြင့်ခဲ့သဖြင့် တိရစ္ဆာန်များအား ဖြန့်ဝေပေးရန်မှာ မူလမျှော်မှန်းထားသည်ထက် အနည်းငယ်နောက်ကျခဲ့ပါသည်။
သို့ဖြစ်ပါ၍ ရွေးချယ်ခံထားရသည့် အိမ်ထောင်စုများထံသို့ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တာဝန်ခံများမှ ဆက်သွယ်အကြောင်းကြားပြီး ကျန်ရှိနေသေးသည့် ကြက်၊ ဆိတ် နှင့် ဝက်များကို စနစ်တကျ ဆက်လက်ဝယ်ယူကာ ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။
Blossom Future (ပွင့်သစ်ဝေ) ၏ ထောက်ပံ့ကူညီမှုလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပူးပေါင်းကူညီပေးခဲ့ကြသည့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပါဝင်အားဖြည့်ပေးခဲ့ကြသူများအားလုံးကို Blossom Future (ပွင့်သစ်ဝေ) မှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။
Blossom Future (ပွင့်သစ်ဝေ)