ပြင်းပြသော မေတ္တာ
ဩဇာလွှမ်းမိုးမှုနယ်ပယ်တခုတည်းသာရှိသော ကမ္ဘာသည် အန္တရာယ်များကို သယ်ဆောင် လာသော်လည်း၊ အမေရိကန်ပြည်ထောင်စုအတွက် သမိုင်းဝင်အင်အားတောင့်တင်းမှု အနေ အထားမှနေ၍ နိုင်ငံတကာအစီအစဉ်ကို ပြန်လည်ပြင်ဆင်ရန် ရှားပါးသောအခွင့်အရေး တခုကို လည်း ပေးအပ်ထားသည်။ မာဒူရို (Maduro) ကို ဖယ်ရှားနိုင်ခဲ့ခြင်းက ထိုအင်အားသည် ဘယ်အရာကို အကောင်အထည်ဖော်နိုင်သည်ကို ပြသခဲ့သည်။ နာရီပိုင်းအတွင်းမှာပင် ဝါရှင်တန် သည် နိုင်ငံကိုဖျက်ဆီးသည့် မူးယစ်ဆေးဝါးနှင့် သူခိုးအစိုးရ (narco-kleptocrat) ကို ဖြုတ်ချခဲ့ သည်၊ ပိတ်ဆို့အရေးယူမှုများအား ရှောင်တိမ်းသည့် ဗဟိုချက်တခုကို ပိတ်ပစ်ခဲ့သည်၊ ထို့ပြင် အနောက်ကမ္ဘာခြမ်းတွင် တရုတ်နှင့် ရုရှားတို့၏ သြဇာလွှမ်းမိုးမှုရှိသည်ဆိုသော ဒဏ္ဍာရီကိုလည်း ချေဖျက်နိုင်ခဲ့သည်။ ၎င်းသည် အာဏာရှင်ဝင်ရိုးတန်း၏ ပကတိအခြေအနေကိုလည်း ဖော်ထုတ် ပြသခဲ့သည်။ အာဏာရှင်နိုင်ငံများ၏ မဟာမိတ်ဖွဲ့မှုမှာ တန်ဖိုးထားမှုများ သို့မဟုတ် အပြန်အလှန် ကာကွယ်ပေးမှုအပေါ် အခြေခံထားခြင်းမဟုတ်ဘဲ နာကျည်းချက်များအပေါ်အခြေခံ၍ ပေါင်းစည်း ထားသော လျော့ရဲသည့် မဟာမိတ်ဖွဲ့မှုမျှသာ ဖြစ်ကြောင်း တွေ့ရှိနိုင်သည်။ အရေးကြီးဆုံးမှာ ထိုဖြစ်ရပ်က အမေရိကန်၏ စစ်ရေးစွမ်းအားမှာ ထိရောက်နေဆဲဖြစ်ကြောင်း ပြသခဲ့ခြင်းပင် ဖြစ် သည်။ ဟန့်တားနိုင်စွမ်း (Deterrence) ဆိုသည်မှာ တဖက်လူ၏အမြင် (perception) မှ စတင် ခြင်းဖြစ်ပြီး ထိုအမြင်သည် သက်သေအထောက်အထား (proof) မှ လာခြင်းဖြစ်သည်။ ဖရိုဖရဲ ဖြစ်မှုဆီသို့ ဦးတည်နေသော ကမ္ဘာတွင် စစ်အင်အားကို ကျွမ်းကျင်စွာ အသုံးပြုခြင်းသည် ကြီးမား သော အကျိုးသက်ရောက်မှုများ ရှိစေပြီး၊ ကျူးကျော်ရန် ကြံစည်နေသော ရန်သူများ၏ တွက်ချက် မှုနှင့် မဟာမိတ်များ၏ အနာဂတ်လုံခြုံရေးအတွက် မည်သူနှင့် မည်သို့ပူးပေါင်းရမည်ကို ဆုံးဖြတ် ရမည့် တွက်ချက်မှုများကို ပုံဖော်ပေးနိုင်သည်။
ထရမ့် (Trump) သည် ဂရင်းလန်းကျွန်း (Greenland) ကိစ္စနှင့် ပတ်သက်၍ မလိုအပ်ဘဲ ထိပ်တိုက်တွေ့မှု ဖန်တီးကာ အဓိက မဟာမိတ်များအား စည်းလုံးစေမည့်အစား ကိုယ့်နည်းကိုယ့် ဟန်ဖြင့် ကာကွယ်မှုများ (hedge) ပြုလုပ်လာအောင် တွန်းပို့ခြင်းဖြင့် ထိုအားသာချက် အစိတ် အပိုင်း အချို့ကို ဖြုန်းတီးခဲ့သည်။ ယခုအခါ ကနေဒါနိုင်ငံသည် တရုတ်နှင့် “မဟာဗျူဟာမြောက် မဟာမိတ်အဖြစ်” ထုတ်ဖော်ပြောဆိုနေပြီ ဖြစ်သည်။ ဗြိတိန်နိုင်ငံသည် တရုတ်နှင့် စီးပွားရေးအရ ပြန်လည်ချိတ်ဆက်နေသည်။ တဖက်တွင်လည်း အနောက်အုပ်စု၏ အင်ဒို-ပစိဖိတ်ဒေသအတွင်း အင်အားဖြန့်ကျက်မှုအတွက် အလွန်အရေးပါသော အမေရိကန်စစ်အခြေစိုက်စခန်း တည်ရှိရာ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ဗြိတိသျှကိုလိုနီနယ်မြေဖြစ်သော ဒီယေဂိုဂါစီယာ (Diego Garcia) ကျွန်း ၏ အချုပ်အခြာအာဏာကို မောရစ်ရှနိုင်ငံ (Mauritius) ထံသို့ လွှဲပြောင်းပေးရန် မူအားဖြင့် သဘောတူခဲ့ရာ အနောက်အုပ်စု၏ အခြေခံအုတ်မြစ်အပေါ် မရေရာမှုများကို ဖြစ်ပေါ်လာစေ သည်။ ထို့ပြင် ဗြိတိန်သည် လန်ဒန်မြို့ရှိ အရေးကြီးသော ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ များအပေါ်တွင် တရုတ်သံရုံးအသစ်ကြီး တည်ဆောက်ရန်အတွက်လည်း ခွင့်ပြုခဲ့သည်။ တချိန် တည်း မှာပင် ပြင်သစ်နိုင်ငံသည် “မဟာဗျူဟာမြောက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ဟူသော ခေါင်းစဉ် ဖြင့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိသည်။
သို့သော် ဤနောက်တန်းရှိ မဟာမိတ်များသည် အနောက်အုပ်စု၏ ဆုတ်ယုတ်မှုကို အလှမ်း ဝေးရာမှနေ၍ ဇာတ်တိုက်လေ့ကျင့်နေကြသော်လည်း၊ အင်အားကြီးနိုင်ငံများ၏ စစ်ပွဲများအမှန် တကယ် ဖြစ်ပွားလာနိုင်သည့် နေရာများတွင် ပိုမိုကြံ့ခိုင်သော လွတ်လပ်သည့်ကမ္ဘာသစ်တခု ပေါ် ပေါက်လာနေသည်။ ဥရောပရှိ နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ် သည် ၂၀၁၉ ခုနှစ်မှစ၍ ထက်ဝက်ကျော် တိုးမြင့်လာခဲ့ပြီး ရုရှားနှင့် မျက်နှာချင်းဆိုင်နေရသော ဥရောပအရှေ့ဘက်ခြမ်းရှိ နိုင်ငံများတွင် အဓိကစုပြုံနေသည်။
အရှေ့အာရှတွင်လည်း တရုတ်၏ အရှေ့ဘက်ကမ်းရိုးတန်းကို ဝန်းရံထားသော နိုင်ငံများဖြစ်သည့် ဂျပန်၊ တိုင်ဝမ်၊ ဖိလစ်ပိုင် စသည့် ကျွန်းနိုင်ငံများ ပါဝင်သည့် ပထမကျွန်းတန်း (first island chain) သည် ရှေ့တန်းဟန့်တားရေး စစ်မျက်နှာအဖြစ် ပိုမိုခိုင်မာလာနေသည်။ ဂျပန်သည် လက်နက်အင်အား ပြန်လည်ဖြည့်တင်းပြီး အဝေးပစ် တိုက်ခိုက်ရေးတပ်ဖွဲ့များကို ပိုင်ဆိုင်လာခြင်း၊ တိုင်ဝမ်သည် စစ်မှုထမ်းကာလကို တိုးမြှင့်ပြီး ခဲယမ်းမီးကျောက်များ စုဆောင်းလာခြင်းနှင့် ဖိလစ်ပိုင်သည် အမေရိကန်စစ်အခြေစိုက် စခန်းများကို ပြန်လည်ဖွင့်လှစ်ပေးခြင်းတို့ လုပ်ဆောင်လာကြသည်။ အလားတူပင် သြစတြေးလျ သည်လည်း သမိုင်းတလျှောက် စစ်မဖြစ်သောကာလအတွင်း အကြီးမားဆုံးသော စစ်အင်အား တည်ဆောက်မှုကို လုပ်ဆောင်နေသည်။
ဤလက်နက်အင်အား ပြန်လည်ဖြည့်တင်းမှုကို စီးပွားရေးအရလည်း အားဖြည့်ပေးနေ သည်။ ဥရောပ သည် ရုရှားစွမ်းအင်အပေါ် မှီခိုမှုကို အကြီးအကျယ် လျှော့ချခဲ့ပြီး စစ်ပွဲမတိုင်မီက ဥရောပသမဂ္ဂ (EU) ၏ ဓာတ်ငွေ့တင်သွင်းမှုတွင် ရုရှား၏ဝေစု ၄၀ ရာခိုင်နှုန်းကျော်ရှိရာမှ ယနေ့ တွင် ၂၀ ရာခိုင်နှုန်းအောက်သို့ လျှော့ချခဲ့ကာ၊ ကျောက်မီးသွေးကို ပိတ်ပင်ခြင်းနှင့် ရုရှားရေနံ အများစုကို တင်သွင်းမှု ရပ်ဆိုင်းခြင်းခဲ့သည်။ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် တရုတ်နိုင်ငံတွင် ကုန်ထုတ်လုပ်မှုအသစ် ရင်းနှီးမြှုပ်နှံမှုကို သိသိသာသာ လျှော့ချခဲ့ကြသည်။ ဂျပန်နှင့် နယ်သာလန် တို့သည် ယခုအခါ အဆင့်မြင့် ချစ်ပ်ပြား (chip) ထုတ်လုပ်သည့် စက်ပစ္စည်းများကို ပေကျင်းသို့ တင်ပို့ခြင်းအား ပိတ်ပင်ထားကြပြီး ပြင်သစ်နှင့် ဂျာမနီတို့သည်လည်း ဆိပ်ကမ်းများ၊ လျှပ်စစ် ဓာတ်အားလိုင်းများနှင့် တယ်လီကွန်း ကွန်ရက်များကို တရုတ်က ဝယ်ယူပိုင်ဆိုင်မည့်အရေးကို ပိုမိုတင်းကျပ်စွာ စစ်ဆေးနေကြသည်။ အမေရိကန်၏ ဝယ်လိုအားအပေါ် အခြေခံသော ကုန်ထုတ် လုပ်မှုလုပ်ငန်းများသည် တရုတ်၏ ကမ်းရိုးတန်းဗဟိုချက်များထံသို့ မသွားတော့ဘဲ အိန္ဒိယ၊ မက္ကဆီကိုနှင့် ဗီယက်နမ်နိုင်ငံတို့ဆီသို့ ပိုမိုစီးဝင်လာနေသည်။ တရုတ် နှင့် ကုန်သွယ်မှုမှာ ပမာဏ ကြီးမားစွာ ရှိနေဆဲဖြစ်သော်လည်း အရင်းအနှီး၊ နည်းပညာနှင့် ထောက်ပံ့ရေး ကွင်းဆက်များ အပေါ် ထိန်းချုပ်နိုင်မှုတို့မှာ အခြားနေရာများသို့ စတင်ရွှေ့လျားနေပြီ ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၏ ဝေခွဲမရ ဖြစ်ခြင်း
အမေရိကန် နိုင်ငံခြားရေးမူဝါဒ၏ အဓိကလုပ်ငန်းစဉ်မှာ ဤကဲ့သို့ ပြန့်ကျဲနေသော တုံ့ပြန်မှုများကို ခိုင်မာသည့်မဟာမိတ်အဖြစ် စုစည်းရန် ဖြစ်သင့်သည်။ ဝါရှင်တန်အနေဖြင့် ကာကွယ်ရေး အသုံးစရိတ် ကို ရေရှည်သုံးစွဲခြင်း၊ ခဲယမ်းမီးကျောက် ထုတ်လုပ်မှုကို တိုးမြှင့်ခြင်းနှင့် အမေရိကန်တပ်ဖွဲ့များ ဝင်ထွက် သွားလာခွင့်ကို အာမခံခြင်း စသည့် ရှင်းလင်းသော စံနှုန်းများနှင့် ကိုက်ညီသည့် မဟာမိတ်များအတွက် ၎င်း၏ လုံခြုံရေးအာမခံချက်များကို ထပ်လောင်း အတည်ပြု ပေးသင့်သည်။ တချိန်တည်းမှာပင် အမေရိကန်၏ ဈေးကွက်၊ အရင်းအနှီးနှင့် နည်းပညာများကို အထူးအခွင့်အရေးဖြင့် ရယူနိုင်မှုကိုမူ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာလွှဲပြောင်းမှုအပေါ် တင်းကျပ်သော ကန့်သတ်ချက်များထားရှိရန်နှင့် ရုရှား၏ စွမ်းအင်တင်ပို့မှုအပေါ် ဆက်လက် ပိတ်ပင်ရန် စသည့် အချက်များအပေါ်တွင် မူတည်၍ ခွင့်ပြုသင့်သည်။ ဤကတိကဝတ်များကို မဟာမိတ်များအကြား အတူတကွ ပူးပေါင်းထုတ်လုပ်ခြင်း၊ ရေရှည်ဝယ်ယူရေးစာချုပ်များ ချုပ်ဆို ခြင်းနှင့် ရုရှားနှင့် တရုတ်တို့အပေါ်မှ ထောက်ပံ့ရေးကွင်းဆက်များကို ဖယ်ခွာနိုင်မည့် ပူးတွဲအရန် ရိက္ခာများ ထားရှိခြင်းတို့ဖြင့် ပိုမိုခိုင်မာစေနိုင်ပါသည်။ ရလဒ်အနေဖြင့် ရုရှားနှင့် တရုတ် နှစ်နိုင်ငံ လုံးအပေါ် ဖိအားတိုးစေမည့် ခိုင်မာသော ရှေ့တန်းစစ်မျက်နှာတခု ဖြစ်ပေါ်လာမည်ဖြစ်ပြီး၊ မော်စကိုအား စွမ်းအင်မှရရှိသော အကျိုးအမြတ်များ ဖြတ်တောက်နိုင်ခြင်း၊ ပေကျင်းအနေဖြင့် အနောက်အုပ်စု၏ နည်းပညာနှင့် ပို့ကုန်ဈေးကွက်များသို့ လက်လှမ်းမီမှုကို ကန့်သတ်နိုင်ခြင်းနှင့် အိမ်နီးချင်းနိုင်ငံများအတွက် တပါးသူ၏ လက်အောက်ခံဖြစ်ရမည့်အစား ယုံကြည်စိတ်ချရသော အခြားရွေးချယ်စရာများကို ပေးအပ်နိုင်ခြင်းတို့ ဖြစ်ထွန်းလာမည်ဖြစ်သည်။
သို့သော် အမေရိကန်၏ ပံ့ပိုးမှုမရှိပါက ဤကြိုးပမ်းမှုများသည် တစစီပြန့်ကျဲနေဦးမည် ဖြစ်ပြီး နောက်ကြောင်းပြန်လှည့် သွားနိုင်ပါသည်။ အချို့နိုင်ငံများသည် လက်နက်အင်အား ဖြည့်တင်းရန် ပျက်ကွက်ကြလိမ့်မည်ဖြစ်သည်။ အချို့မှာမူ ပိုမိုကျယ်ပြန့်သော မဟာမိတ်အဖွဲ့သို့ အဓိပ္ပာယ်ရှိရှိ ပူးပေါင်းပါဝင်မည့်အစား မိမိကိုယ်ကိုယ် ကာကွယ်ရေးအတွက်သာ ကျဉ်းမြောင်းစွာ ရင်းနှီးမြှုပ်နှံပြီး ချိန်ဆနေကြလိမ့်မည်။ မော်စကိုနှင့် ဘေကျင်းတို့သည် ထိုဟာကွက်များကို အခွင့် ကောင်းယူကာ အိမ်နီးချင်းနိုင်ငံများကို တနိုင်ငံချင်းစီခွဲထုတ်ပြီး ဖိအားပေးကြလိမ့်မည်။ အနောက် နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများသည် ထုတ်လုပ်မှုအချို့ကို တရုတ်နိုင်ငံပြင်ပသို့ ရွှေ့ပြောင်းနိုင် သည်။ သိုသော် ကုန်သွယ်မှုကို ပိုမိုတိုးမြှင့်ကာ အချင်းချင်း ပြိုင်ဆိုင်သော စီးပွားရေးမူဝါဒများကို ကျင့်သုံးရင်း ထောက်ပံ့ရေးကွင်းဆက်များ ပေါင်းစည်းရမည့်အစား ပိုမိုကွဲအက်သွားစေနိုင်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ ကုန်ကျစရိတ်မြင့်မားလာခြင်း၊ ရွေးကောက်ပွဲများကြောင့် အစိုးရ အပြောင်းအလဲဖြစ်ခြင်းနှင့် ကုန်သွယ်ရေးအရ လက်စားချေခြင်း၊ စွမ်းအင်ကို အသုံးချ၍ ဖိအားပေး ခြင်း၊ နိုင်ငံရေးအရ ကြားဝင်စွက်ဖက်ခြင်း စသည့် ရုရှားနှင့် တရုတ်တို့၏ အမြဲမပြတ် ခြိမ်းခြောက်မှု များကြောင့် စီးပွားရေးအရ လမ်းခွဲနိုင်သည်။ စစ်ရေးပူးပေါင်းဆောင်ရွက်ခြင်းများကို ထောက်ခံ အားပေးမှု လျော့ပါးသွားနိုင်သည်။ ထို့သို့ မဟုတ်ဘဲ အမေရိကန်ပြည်ထောင်စုက တပ်ဖွဲ့ဝင်များ၊ နယ်မြေများနှင့် စက်မှုစွမ်းအားများကို ဘုံကာကွယ်ရေးအတွက် မဟာမိတ်များကို ပေးအပ်ထားပြီး ကျောထောက်နောက်ခံပြုပေးခြင်းဖြင့် ဦးဆောင်မည်ဆိုပါက ရုရှားနှင့် တရုတ်တို့၏ ခြိမ်းခြောက် ခြင်း၊ အဖျက်လုပ်ငန်းများလုပ်ခြင်းနှင့် နယ်မြေသိမ်းပိုက်ခြင်း စသည့်လုပ်ဆောင်မှုများကို ဟန့်တားနိုင်မည် ဖြစ်သည်။ ထို့အပြင် စွမ်းအားရှိသော မဟာမိတ်အဖွဲ့ကြီးကို ခိုင်မာအောင် တည် ဆောက်နိုင်မည် ဖြစ်သည်။
ယခုပေါ်ထွက်လာနေသော စနစ်သစ်တွင် အနောက်ကမ္ဘာခြမ်းသည် ကြားခံနယ်မြေမျှသာ မဟုတ်ဘဲ အမေရိကန်ပြည်ထောင်စု၏ အခြေစိုက်စခန်း (home base) ပင်ဖြစ်သည်။ အကြမ်းဖက်မှုများ၊ အဂတိလိုက်စားမှုများနှင့် ရွှေ့ပြောင်းနေထိုင်မှု ဖိအားများ အစဉ်တစိုက် ရှိနေ သော်လည်း ဤကမ္ဘာခြမ်းသည် အရင်းရှင်စနစ်ကျင့်သုံးသော၊ ဒီမိုကရေစီဆန်သော၊ သမိုင်း ကြောင်း အရ အင်ပါယာဟောင်းများကို ခုခံတွန်းလှန်ခဲ့သော စည်းလုံးသည့် နိုင်ငံရေးနှင့် စီးပွားရေးအသိုက်အဝန်းအဖြစ် တည်ရှိနေဆဲဖြစ်သည်။ ၎င်းသည် သမိုင်းတွင် မည်သည့်အချိန်က ထက်မဆို ပိုမိုချမ်းသာလာခြင်း၊ လူဦးရေပိုမိုများပြားလာခြင်း၊ မြို့ပြထွန်းကားလာခြင်းနှင့် အဖွဲ့ အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာခြင်းတို့ ရှိနေပြီး ဆယ်စုနှစ်များစွာအတွင်း အမေရိကန်နှင့် အနီးကပ်ဆုံး မဟာမိတ်ဖြစ်နေသည့် အနေအထားတွင် ရှိနေသည်။ အမေရိကန် ဆန့်ကျင်ရေး စိတ်ဓာတ်များ ပျောက်ကွယ်မသွားသေးသော်လည်း ဒေသတွင်း အင်အားကြီးနိုင်ငံများ၏ အကျိုး စီးပွားများသည် လုံခြုံရေး၊ စီးပွားရေး တိုးတက်မှုနှင့် တရုတ်နိုင်ငံအပေါ် သတိထားစောင့်ကြည့်မှု တို့တွင် တူညီလာနေကြသည်။ အားလုံးကို ခြုံငုံကြည့်ပါက ဤကမ္ဘာခြမ်းသည် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ အစီအစဉ်သစ် (global democratic order) ၏ ခိုင်မာသော အုတ်မြစ်အဖြစ် ဆောင်ရွက်နိုင်မည့် နက်ရှိုင်းမှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်း ရှိနေပါသည်။
ဤအားသာချက်မှာ ရေရှည်တည်တံ့မည်လား ဆိုသည်မှာ အမေရိကန်ပြည်ထောင်စု အနေဖြင့် ရုရှားနှင့် တရုတ်တို့ ကျူးလွန်ခဲ့သော အဓိကအမှားဖြစ်သည့် “အိမ်နီးချင်းနှင့် မဟာမိတ် များကို မိတ်ဖက်များအဖြစ် မဆက်ဆံဘဲ မိမိ၏ လက်အောက်ခံများ (wards) အဖြစ် ဆက်ဆံခြင်း” ကို ရှောင်လွှဲနိုင်ခြင်း ရှိ၊ မရှိအပေါ် မူတည်ပါသည်။ ပိတ်ဆို့ထားပြီး အတင်းအကျပ် ဖိအားပေးသော နယ်မြေများသည် ခုခံမှုနှင့် ယိုယွင်းမှုကိုသာ ဖြစ်စေတတ်သည်။ ဗဟိုချက်အပေါ် အခြေခံကာ တံခါးဖွင့်ထားသော နယ်မြေများမှာမူ အခြားသူများကို ဆွဲဆောင်နိုင်ပြီး အင်အား ပိုမိုတောင့်တင်း စေပါသည်။ အမေရိကန်သည် အနောက်အုပ်စု၏ ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ ရွှေ့ပြောင်းနေထိုင်မှု၊ နည်းပညာနှင့် လုံခြုံရေးကွန်ရက်များ၏ ဗဟိုချက်တွင် တည်ရှိပြီးသား ဖြစ်သည်။ အခြားသူများ အစားမထိုးနိုင်သော ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေခြင်း၊ အခြားသူများ မလွှဲမရှောင်သာ အသုံးပြုနေရသည့် ငွေကြေးကို ထိန်းချုပ်ထားခြင်းနှင့် မည်သည့် ပြိုင်ဘက်မျှ မယှဉ်နိုင်သော လုံခြုံရေးကို ပေးစွမ်းနိုင်ခြင်းတို့ ရှိနေသရွေ့ အမေရိကန်သည် အနောက်ကမ္ဘာခြမ်းကို စစ်အင်အား ဖြင့် လွှမ်းမိုးထားရန် လိုအပ်မည် မဟုတ်ပါ။
လာမည့်ခေတ်ကာလ၏ အဓိကမေးခွန်းမှာ ဖြစ်နိုင်ခြေ အလွန်နည်းပါးသည့် တနေ့တွင် အခြားသော အင်အားစုများ ဩဇာလွှမ်းမိုးသည့်နယ်ပယ်များ ပေါ်ပေါက်လာနိုင်သလား ဆိုသည့် အချက် မဟုတ်ဘဲ၊ တခုတည်းသော ဩဇာလွှမ်းမိုးထားနိုင်သည့်နယ်မြေကို ပိုင်ဆိုင်ထားပြီး ဖြစ် သည့် အမေရိကန်ပြည်ထောင်စုအနေဖြင့် ၎င်း၏ လွှမ်းမိုးထားနိုင်မှုကို အခွင့်ကောင်းယူ အမြတ် ထုတ်ရုံသက်သက် မဟုတ်ဘဲ (ကမ္ဘာ့) အစီအစဉ်သစ်ကို ထိန်းသိမ်းရန် အသုံးပြုနိုင်မည်လား ဆိုသည်ပင် ဖြစ်သည်။ ထိုရွေးချယ်မှုပေါ်တွင် အမေရိကန်၏ ထိပ်တန်းအင်အားကြီးနိုင်ငံအဖြစ် တည်ရှိနိုင်မှု သာမက နိုင်ငံတကာ စနစ်၏ အနာဂတ်များလည်း မူတည်နေပါသည်။
-ပြီး-