Blossom Future (ပွင့်သစ်ဝေ) ၏ အခမဲ့အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ် (၂၅) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့မှ ဇွန်လ(၂၆) ရက်နေ့အထိ(၁၀) ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးခဲ့သော Blossom Future (ပွင့်သစ်ဝေ) ၏ အခမဲ့အခြေခံ ကွန်ပျူတာသင်တန်း အပတ်စဉ် (၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့ ညနေ (၀၄း၀၀) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Blossom Future (ပွင့်သစ်ဝေ) ၏ ကွန်ပျူတာ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ်(၂၅)ကို တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသူ(၇)ယောက်၊ သင်တန်း သား (၃)ယောက် စုစုပေါင်း (၁၀) ဦး ရှိပါသည်။

သင်တန်းဆင်းပွဲတွင်ဦးစွာ Executive Director ဒေါက်တာစန်းအောင်မှ ယခုလို သင်တန်းကို လာ၍ တက်ရောက်ကြတာ ဝမ်းသာဂုဏ်ယူကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မဲဆောက်ကို ရောက်လာကြပေမယ့် ကိုယ့်ဘဝကို ရပ်တည်နိုင်ဖို့ အရေးကြီးကြောင်း၊ ဒါကြောင့် Blossom Future (ပွင့်သစ်ဝေ)ကနေ ရပ်တည်ရေးအတွက်လိုအပ်တဲ့ သင်တန်းတွေဖွင့်လှစ်ပေးထားတာဖြစ်ကြောင်း၊ ကြိုးစားသင်ယူကြတာမို့ ဝမ်းသာကြောင်း၊ အသိုင်းအဝိုင်းကို ချဲ့ထွင်ကြဖို့လည်း လိုအပ်ကြောင်း၊ မြန်မာလူထုသည် နိုင်ငံတကာတွင် အသိုင်းအဝိုင်း အလွန်နည်းပါကြောင်း၊ အသိုင်းအဝိုင်းကျယ်ပြန့်မှသာလျှင် အခွင့်အလမ်းများစွာ ကျယ်ပြန့်လာပြီး တိုးတက်ရာ တိုးတက်ကြောင်းတွေ ပိုမိုဆောင်ရွက်လာနိုင်ကြမည်ဖြစ်ကြောင်း ပြောဆိုမှာကြားခဲ့ပါသည်။

ထို့နောက် အလုပ်အကိုင်ရှာဖွေပေးရေး တာဝန်ခံ ကိုစည်သူ မှလည်း ယခုလို သင်တန်းပြီးမြှောက်အောင်မြင်အောင် တက်ရောက်သင်ကြားခဲ့ကြသည့်အတွက် ဝမ်းသာဂုဏ်ယူကြောင်း၊ မဲဆောက်သို့ ရောက်ရှိလာကြသည့် မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိရန်အတွက် ကိုယ့်ဘက်က အတတ်ပညာဝမ်းစာတွေကို ဖြည့်ထားဖို့လိုကြောင်းနှင့် အလုပ် အကိုင်ရရှိနိုင်ရေးအတွက်လည်း ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သင်တန်းဆရာမမှလည်း သင်တန်းသား/သူများအား သင်တန်းကလတစ်လျှောက် စိတ်အား ထက်သန်စွာနှင့် မပျက်မကွက် တက်ရောက်သင်ကြားပေးခဲ့ကြတဲ့အတွက် သင်တန်းသူ၊ သင်တန်းသားများ အားလုံးကို ကျေးဇူးတင်ကြောင်း၊ Basic Level နှင့် လျော်ညီတဲ့ ပညာရပ်တွေကို သင်ကြားပေးလိုက်ပြီ ဖြစ်တာကြောင့် နည်းပညာလောကထဲမှာ ပထမဆုံးခြေလှမ်းကို စလိုက်နိုင်ခဲ့ပြီမို့ ဒီ Level မှာပဲ ရပ်တန့်မနေပဲ ဆက်လက်လေ့လာ သင်ယူကြဖို့ တိုက်တွန်းကြောင်း၊ သင်တန်းပြီးဆုံးသွားသော်လည်း Computer ပညာရပ်နှင့် ပတ်သက်၍ အခက်အခဲ တစုံတရာရှိလာပါက အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် ယခု ပညာရပ်တွေဖြင့် အတ္တ၊ ပရနှစ်ဖြာသော အကျိုးတွေကို ဆောင်ရွက်နိုင်သူတွေ ဖြစ်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆရာ/ဆရာမများ၏ ပြောကြားမှုများအပြီးတွင် သင်တန်းသူ/သင်တန်းသားတစ်ဦးချင်းစီမှ သင်တန်း၏ အားသာ ချက်/အားနည်းချက်များ နှင့် ကြုံတွေ့ရသော အခက်အခဲများ၊ ကျေနပ်ပီတိစကားများကို မျှဝေခဲ့ကြပါ သည်။ အဆိုပါတင်ပြဆွေးနွေးမှုများအပြီးတွင် သင်တန်းသူ/သား (၁၀) ဦး တို့အား သင်တန်းဆင်းလက်မှတ်များနှင့် ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ သင်တန်းဆင်းပွဲကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!