တဖက်နှင့်တဖက် နှုတ်ဆက်ကြခြင်း
ပေကျင်းနှင့် ဝါရှင်တန်တို့သည် နိုင်ငံနှစ်ခုလုံးရှိ လူ့အဖွဲ့အစည်းများအကြား သိသာထင်ရှား သော သဘောတူညီမှု ရရှိထားပြီးဖြစ်သည့် စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အတားအဆီးများ ကဲ့သို့သော ပြုပြင်ပြောင်းလဲရန် လွယ်ကူသည့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် ဆက်ဆံ ရေး ပုံမှန်ဖြစ်မှုအသစ်ဆီသို့ ခြေလှမ်းလှမ်းနိုင်ကြသည်။ ဥပမာအားဖြင့်၊ တရုတ်နှင့် အမေရိကန် တို့သည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လက အပြန်အလှန် လက်စားချေသည့်အနေဖြင့် ပိတ်ပစ်ခဲ့ကြသည့် ဟူစတန်နှင့် ချန်ဒူးရှိ ၎င်းတို့၏ ကောင်စစ်ဝန်ရုံးများကို ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ကြသည်။
ထို့ပြင် ပေကျင်းနှင့် ဝါရှင်တန်တို့သည် တဖက်နှင့်တဖက် ကျင့်သုံးနေသည့် ပျမ်းမျှ အကောက်ခွန်နှုန်းထားကို အပြန်အလှန် အကြီးအကျယ် လျှော့ချရန် ညှိနှိုင်းနိုင်ကြသည်။ ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ ပို့ကုန်အချို့အပေါ် ပေးနေသည့် ထောက်ပံ့ကြေး (subsidy) အဆင့် များကို လျှော့ချရန် စဉ်းစားနိုင်သည်။ အကောက်ခွန်များနှင့် ကုန်သွယ်ရေး အတားအဆီးများသည် အမေရိကန်နှင့် တရုတ် ပြည်သူများအတွင်းရှိ အထိခိုက်လွယ်ဆုံးသော အလွှာများကို နာကျင် စေပြီး၊ ၎င်းတို့ကို လိုသလိုပြောင်းလဲနေခြင်းသည် နှစ်နိုင်ငံလုံးနှင့် ကမ္ဘာတစ်ဝန်းရှိ တတိယနိုင်ငံ များတွင် အဂတိလိုက်စားမှုကို အားပေးနေသည်။ တရုတ်နှင့် အမေရိကန်တို့သည် တဖက်နိုင်ငံကို ထိန်းချုပ်ရန် စီးပွားရေးအသာစီးရမှုကို အသုံးချနေသည်ဟု ထင်မြင်နေကြသော်လည်း၊ အချိန်ကြာ လာသည်နှင့်အမျှ အကောက်ခွန်နှင့် ပို့ကုန်ထိန်းချုပ်မှုများသည် ၎င်းတို့၏ စီးပွားရေး အသာရမှုကို ဆုံးရှုံးသွားစေမည်ဖြစ်ပြီး နောက်ဆုံးတွင် နှစ်နိုင်ငံလုံး၏ စီးပွားရေးကို အားနည်းသွားစေလိမ့်မည် ဖြစ်သည်။ ပိုမိုကောင်းမွန်သော ချဉ်းကပ်ပုံမှာ နှိုင်းယှဉ်အသာစီးရမှု (comparative advantage) ကို ရှာဖွေခြင်းသည် ကုန်သွယ်ရေးမူဝါဒအတွက် အကောင်းဆုံး အစပျိုးမှုဖြစ်ကြောင်း အသိအမှတ် ပြုရန် ဖြစ်သည်။ ဤသည်မှာ လုံးဝလွတ်လပ်သော ကုန်သွယ်ရေး (total free trade) သို့ ပြန်သွား ခြင်းကို ဆိုလိုခြင်းမဟုတ်ပါ။ နိုင်ငံအသီးသီးသည် အမျိုးသားလုံခြုံရေးနှင့် ဆန့်ကျင်နိုင်၊ အန္တရာယ် ရှိနိုင်ပြီး ဖြေရှင်းရန်လိုအပ်သော မှီခိုနေရမှုများကို ဖော်ထုတ်ထားပြီးဖြစ်သည်။ သို့သော် ပျမ်းမျှ အကောက်ခွန်နှုန်းထားသည် အမျိုးသားလုံခြုံရေး၊ အပြန်အလှန်အကျိုးပြုမှုတို့နှင့် ကိုက်ညီမည့် အနိမ့်ဆုံးအဆင့်တွင် ရှိသင့်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
နိုင်ငံနှစ်ခုစလုံးသည် ယဉ်ကျေးမှုဆိုင်ရာ တံတိုင်းများကို ဖြိုဖျက်ရန်နှင့် လျင်မြန်စွာ ပြောင်းလဲနေသော တဖက်နိုင်ငံ၏ လူ့အဖွဲ့အစည်းများအပေါ် ပိုမိုတိကျသော နားလည်မှုများ ပျိုးထောင်ရန် ခြေလှမ်းများ လှမ်းနိုင်ကြသည်။ ဥပမာ- အချို့သော အမေရိကန် အကဲခတ်များက တရုတ်၏ နိုင်ငံရေးပုံစံသည် ဆိုဗီယက်ယူနီယံ ပြိုကွဲမှုကို ဖြစ်စေခဲ့သည့် အပြောင်းအလဲများကဲ့သို့ သိသိသာသာ ပြောင်းလဲသွားလိမ့်မည်ဟု မျှော်လင့်နေကြသည်။ တစ်ချိန်တည်းမှာပင် တရုတ် သုတေသီများကလည်း တရုတ်နိုင်ငံသည် မကြာမီ စီးပွားရေး၊ နည်းပညာနှင့် စစ်ရေးအရ အမေရိကန်ကို အမီလိုက်နိုင်တော့မည်ဟု ယုံကြည်နေကြသည်။ လက်တွေ့တွင်မူ အဆိုပါ အကျိုး ရလဒ် နှစ်ခုလုံးမှာ ဖြစ်နိုင်ခြေ မရှိသလောက်ပင်။ သို့သော် ထိုသို့သော အထင်မှားမှုများသည် လုပ်ဆောင်ချက်များနှင့် မူဝါဒများအပေါ် လွှမ်းမိုးထားပြီးဖြစ်ရာ နိုင်ငံနှစ်ခု၏ ရေရှည် အကျိုးစီးပွား ကို ထိခိုက်စေပါသည်။ အကယ်၍ နိုင်ငံတခုစီ၏ တဖက်နိုင်ငံအပေါ် ထားရှိသော အမြင်များကို လက်တွေ့ကျပြီး ဘက်လိုက်မှုကင်းသော ခန့်မှန်းချက်များဖြင့် ထိန်းညှိခြင်း မပြုနိုင်ပါက၊ မိမိ၏ အင်အားကို အမွှန်းတင်ပြီး တစ်ဖက်နိုင်ငံ၏ အင်အားကို လျှော့တွက်မိမည့် အလွန်စိုးရိမ်ဖွယ် အန္တရာယ်ရှိနေသည်။
ထူးဆန်းသည်မှာ ၎င်းနှင့် ဆန့်ကျင်ဘက် သဘောထားသည်လည်း အန္တရာယ်လည်း ရှိနေ ပြန်သည်။ နှစ်ဖက်စလုံးက မိမိတို့၏ အနေအထားမှာ လျင်မြန်စွာ ဆုတ်ယုတ်နေသည်ဟု မြင်ပြီး အချိန်မနှောင်းမီ အရေးယူဆောင်ရွက်ရန် စိုးရိမ်စိတ် လွန်ကဲလာနိုင်သည်။ ဥပမာအားဖြင့်၊ တရုတ် အသိုင်းအဝိုင်းအချို့တွင် ထိုင်ဝမ်ကို တရုတ်မှခွဲထွက်ရေးအတွက် ထောက်ခံနေသည့် ပြင်ပဖိအား များကို တွန်းလှန်နိုင်စွမ်း ရှိ-မရှိနှင့် ပတ်သက်၍ ယုံကြည်မှုကင်းမဲ့နေသည်။ ထို့အတူ အချို့သော အမေရိကန်များကြားတွင်လည်း အမေရိကန်သည် တရုတ်အပေါ် နည်းပညာအသာစီးရမှု မကြာမီ ဆုံးရှုံးတော့မည်ဟု စိုးရိမ်ပူပန်မှုများ ရှိနေသည်။ တစ်နည်းအားဖြင့် တနိုင်ငံနှင့်တနိုင်ငံ နားလည်ရ ခက်လာပြီး မှားယွင်းတွက်ချက်မှု ဖြစ်လာနိုင်ခြေ များလာပါသည်။
ဤအမြင်များကို လျှော့ချနိုင်မည့် အရေးကြီးသော နည်းလမ်းတခုမှာ လူ့အဖွဲ့အစည်း၏ ကဏ္ဍအားလုံးတွင် ပိုမိုနက်ရှိုင်းသော ဆက်သွယ်မှုနှင့် ထိတွေ့ဆက်ဆံမှုများကို အားပေးရန် ဖြစ် သည်။ ဥပမာ- သတင်းထောက်များအပေါ် ကန့်သတ်ထားမှုများကို လျှော့ချပေးသင့်သည်။ ပညာရေးနှင့် သုတေသနဆိုင်ရာ ဖလှယ်မှုများကိုလည်း ကပ်ရောဂါမတိုင်မီက အဆင့်များသို့ ပြန် လည် ရောက်ရှိအောင် လုပ်ဆောင်သင့်သည်။ သို့သော် ဤနယ်ပယ်နှစ်ခုလုံးတွင် အစိုးရ၏ လုပ်ဆောင်ချက်မှာ ဖြေရှင်းချက်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေကို ပြောင်းလဲရန်အတွက် ကျွန်ုပ်တို့၏ သက်ဆိုင်ရာ နိုင်ငံသားများ ကိုယ်တိုင်ကလည်း ပါဝင် ဆောင် ရွက်လိုစိတ် ရှိရပါလိမ့်မည်။ ထိုရည်ရွယ်ချက်အတွက် လူ့အဖွဲ့အစည်းနှစ်ခုလုံးရှိ အာဏာပိုင် များသည် တဖက်နိုင်ငံ၏ ကျောင်းသားများ၊ ပညာရှင်များနှင့် မီဒီယာများကို သူလျှိုများအဖြစ် သိမ်း ကြုံးသတ်မှတ်ခြင်း မပြုလုပ်ဘဲ ပိုမိုဖော်ရွေသော ပတ်ဝန်းကျင်တခုကို ဖန်တီးပေးနိုင်ပါသည်။
နောက်ဆုံးအနေဖြင့်၊ မတော်တဆမှုများနှင့် အထင်မှားမှုများကို လျှော့ချရန်သာမက ပေကျင်းနှင့် ဝါရှင်တန်တို့သည် ၎င်းတို့အကြား လက်နက်ပြိုင်ပွဲကို တွန်းအားပေးနေသည့် အချို့ သော ကိစ္စရပ်များအပေါ် လက်တွဲလုပ်ဆောင်နိုင်ခြင်း ရှိ-မရှိ သိရှိနိုင်ရန် စစ်ဘက်ချင်း ဆွေးနွေး မှုများ ထပ်မံပြုလုပ်ရန် နှစ်ဖက်စလုံးတွင် တာဝန်ရှိသည်။ ထိုသို့ ဆွေးနွေးရာတွင် ကုန်သွယ်ရေး၊ နည်းပညာ၊ ဝါဒရေးရာနှင့် လုံခြုံရေးတို့အပေါ် အမေရိကန်-တရုတ် တင်းမာမှုများသည် ခဏတာ ဖြစ်ပေါ်လာသည့် အရာမဟုတ်ဘဲ ကာလရှည်ကြာ ဖြစ်တည်လာသည့် အစိတ်အပိုင်းတခု ဖြစ် ကြောင်း အသိအမှတ်ပြုထားရမည် ဖြစ်သည်။
အစပြုသည့်အနေဖြင့် နှစ်နိုင်ငံအတည်ပြုချက်တခု (ဖြစ်နိုင်လျင် ပူးတွဲကြေညာချက် တခု) ထုတ်ပြန်သင့်ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းကို အာရှဒေသတွင်သာမက အခြားဒေသများတွင် လည်း ဆောင်ရွက် နိုင်ပါသည်။ နှစ်နိုင်ငံ တင်းမာမှုလျော့ချရေးမှာ အရေးတကြီး ဆောင်ရွက်ရန် လိုအပ်ပါသည်။
အချိန်ကို အရယူကြပါ
ယနေ့ခေတ်တွင် နှစ်နိုင်ငံစလုံးရှိ မူဝါဒချမှတ်သူများနှင့် ပညာရှင်များသည် ယခင်မျိုးဆက် များ၌ မရှိခဲ့သော အတုအယောင်ဉာဏ်ရည် (AI) အပါအဝင် ထူးခြားထက်မြက်သည့် ခွဲခြမ်းစိတ်ဖြာ မှုဆိုင်ရာ ကိရိယာများကို အသုံးပြုခွင့် ရရှိနေကြပြီဖြစ်သည်။ ဤနည်းပညာ စွမ်းဆောင်ရည်သည် ကမ္ဘာလုံးဆိုင်ရာ ဆက်ဆံရေးများကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် မရှိမဖြစ်လိုအပ် ပါ သည်။ သို့သော် အဆင့်မြင့်နည်းပညာကို အားကိုးနေရသည့် အတော်ဆုံးသော မူဝါဒချမှတ်သူ များပင်လျှင် လူ့အသက်ပေါင်းများစွာကို သည်းမခံနိုင်စရာ ဆုံးရှုံးစေမည့် စစ်မှန်သော စစ်ပွဲတစ်ခု ၏ အခြေအနေကို ပုံတူကူးယူ ဖန်တီးနိုင်ခြင်း မရှိပါ။ ထို့ကြောင့် တရုတ်နှင့် အမေရိကန်တို့အကြား သေကြေပျက်စီးစေမည့် ထိပ်တိုက်ရင်ဆိုင်မှုကို တားဆီးရန်အတွက် အခြားလိုအပ်ချက်တခုမှာ ‘မဟာဗျူဟာမြောက် မှတ်ဉာဏ်’၊ ‘အကျပ်အတည်းများကို ဖြတ်သန်းခဲ့ဖူးသည့် အတွေ့အကြုံ’နှင့် ဆယ်စုနှစ်များစွာကြာ တည်ဆောက်ခဲ့သော ‘အပြန်အလှန် လေးစားယုံကြည်သည့် ယဉ်ကျေးမှု’ တို့ ဖြစ်ပါသည်။
ယခုအခါ ကျွန်ုပ်တို့နိုင်ငံနှစ်ခုအနေဖြင့် ဤကာကွယ်ရေး အတားအဆီးများကို ပြန်လည် တည်ဆောက်ရန် အခွင့်အလမ်းရရှိနေပြီဖြစ်သည်။ ထိပ်ပိုင်းခေါင်းဆောင်များအကြား လေသံမှာ ယခုအချိန်အထိ ပျော့ပျောင်းနေပြီဖြစ်သော်လည်း အစိုးရများ အချင်းချင်းဟု မဆိုနိုင်သေးပါ။ ဂရုတစိုက် တည်ဆောက်ထားသော မျှခြေမှာလည်း ယိမ်းယိုင်သွားနိုင်သည့် အခြေအနေတွင် ရှိနေသည်။ အကယ်၍ ပေကျင်းနှင့် ဝါရှင်တန်တို့သည် ‘ဆက်ဆံရေး အခြေအနေသစ်’တခုအတွက် ရရှိထားသော ဤအခွင့်အရေးကို ဆုံးရှုံးလိုက်မည်ဆိုပါက အနာဂတ်တွင် ၎င်းတို့၏ မဟာဗျူဟာ မြောက် အကျိုးစီးပွားများကို ကာကွယ်ရန်မှာ မဖြစ်နိုင်တော့ပေ။ နိုင်ငံနှစ်ခုအနေဖြင့် တစ်ဖက်နှင့် တစ်ဖက် ထားရှိသော ရည်မှန်းချက်များနှင့် ချဉ်းကပ်ပုံများကို ပြန်လည်ညှိနှိုင်းရန်အတွက် “ခေတ္တ ခဏမျှသာ ရရှိသော အခိုက်အတန့်တခုသာ” ရှိပါသည်။ ၁၉၆၃ ခုနှစ် ဇန်နဝါရီလတွင် မော်စီတုန်း ရေးသားခဲ့သည့် တော်လှန်ရေးလှုပ်ရှားမှုအတွက် တိုက်တွန်းသည့် ကဗျာတစ်ပုဒ်ရှိပါသည်။ ၁၉၇၂ ခုနှစ် သမိုင်းဝင် တရုတ်ခရီးစဉ်အတွင်း အမေရိကန် သမ္မတ နစ်ဆင် က “အမေရိကန်-တရုတ် ထိတွေ့ဆက်ဆံမှု အရေးတကြီး လိုအပ်ကြောင်း” မီးမောင်းထိုးပြလိုသည့်အတွက် ထိုနာမည်ကြီး ကဗျာကိုပင် ကိုးကားခဲ့ပါသည်။
“နှစ်တစ်သောင်းမှာ ရှည်ကြာလွန်းသည်။
ရက်ကို အရယူပါ၊
အချိန်ကို အရယူပါ”