(၃၇)နှစ်မြောက် (၈.၈.၈.၈)အရေးတော်ပုံ အထိမ်းအမှတ် သဝဏ်လွှာ

ယနေ့သည် (၈.၈.၈.၈)ဒီမိုကရေစီပြည်သူ့အရေးတော်ပုံကြီး၏ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။ ဤနေ့ထူး နေ့မြတ်တွင် ဒီမိုကရေစီတိုက်ပွဲဝင်ပြည်သူအပေါင်းအား ဂုဏ်ပြုဦးညွှတ် အလေးပြုအပ်ပါသည်။

မြန်မာသမိုင်းတလျှောက်တွင် ပဒေသရာဇ်စနစ်၊ ကိုလိုနီနယ်ချဲ့စနစ်အောက်များတွင် နှစ်ပေါင်းရာထောင်ချီ၍ နေခဲ့ကြရ ပါသည်။လွတ်လပ်ရေးရပြီးနောက်တွင်လည်း အမျိုးသားခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သော ပြည်သူများ၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အခွင့်အရေးများ၊ တိုင်းရင်းသားတို့၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များ ဆုံးရှုံးကာ လက်တွေ့မကျင့်သုံး၊ မခံစားရသည်မှာ ယနေ့တိုင် ဖြစ်ပါသည်။

ထို့ပြင် ၁၉၆၂ခုနှစ်-စစ်အာဏာသိမ်းသည်မှစ၍ ယနေ့တိုင်ပြည်သူများသည် လူ့အခွင့်အရေးအားလုံး ဖယ်ရှားခံရပြီး စစ်ကျွန်ဘဝသို့ ရောက်ခဲ့သည်မှာလည်း ယနေ့တိုင်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် စစ်တပ်မှအာဏာကို အလွယ်တကူသိမ်းနိုင်ခဲ့ခြင်းက ပြည်သူ များသည် အခွင့်အရေးများ မည်မျှဆုံးရှုံးနေသည်၊ မည်မျှအားနည်းနေသည်ကို မီးမောင်းထိုးပြနေပါသည်။

စစ်အာဏာရှင်စနစ်ကို ၁၉၆၂/၁၉၆၇/၁၉၇၄/၁၉၇၅/၁၉၇၆ အရေးတော်ပုံများတွင် ကျောင်းသားပြည်သူ၊ ရဟန်းရှင်လူ များ အင်တိုက်အားတိုက် ပါဝင်ခဲ့ကြပါသည်။ ဤလှုပ်ရှားမှုလှိုင်းများ တဆင့်ပြီးတဆင့် အားကောင်းလာကာ ၁၉၈၈(၈.၈.၈.၈)အရေးတော် ပုံကြီးတွင် တတိုင်းတပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တောရော မြို့ပါ တောင်ပေါ်မြေပြန့် ပြည်သူအားလုံးမှ ဆန့်ကျင်ဆန္ဒ ဖော်ထုတ်ခဲ့သော်လည်း အကြမ်းဖက်နှိမ်နှင်းမှုများကြောင့် လက်နက်ကိုင်ဆန့်ကျင်ရေးလမ်းကြောင်းပေါ်သို့ တွန်းပို့ခံခဲ့ရပါသည်။ တိုင်းရင်းသားအင်အားစုများမှလည်း နွေးထွေးစွာ ကြိုဆိုထောက်ပံ့ပေးမှုကြောင့် တိုင်းရင်းသားအင်အားစုများနှင့် ဒီမိုကရေစီအင်အားစုများ ၏ ပူးပေါင်းလက်တွဲ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ကြီးထွားလာပါသည်။ ဤ(၈.၈.၈.၈)အရေးတော်ပုံကြီးကြောင့်ပင် ၁၉၆၂ခုနှစ်မှစ၍ ပထမဆုံးအကြိမ် နိုင်ငံရေးပါတီများ ထူထောင်ပိုင်ခွင့်ပြုရပြီး ၁၉၉၀ ရွေးကောက်ပွဲကြီးကို မလွှဲမရှောင်သာ ကျင်းပပေးခဲ့ရကာ ပြည်သူ အများ ထောက်ခံသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ပြည်သူ့ပါတီများ ပေါ်ထွန်းလာခဲ့ပါသည်။ သို့ဖြစ်ပါ၍ ဤအရေးတော် ပုံကြီးတွင် ပြည်သူများသည် အသက်ထောင်ပေါင်းများစွာ အစတေးခံကာ မြန်မာ့သမိုင်းတွင် ကြီးမားလှစွာသော နိုင်ငံရေးအပြောင်းအလဲ တခု ပေါ်ထွန်းစေခဲ့ပါသည်။

သို့သော် စစ်အာဏာရှင်စနစ်၏ လွှမ်းမိုးမှုအောက်တွင် ပြည်သူအများအတွက် မရှိမဖြစ် လိုအပ်လှစွာသော ဒီမိုကရေစီ စနစ်မတည်ဆောက်နိုင်သည်မှာ ယနေ့တိုင်ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ် အပါအဝင် တခြားသော အာဏာရှင်စနစ်အားလုံးကို အမြစ်ဖြတ် သုတ်သင်ဖယ်ရှားကာ ဒီမိုကရေစီပြည်ထောင်စုစနစ်ကို တည်ဆောက်ရန်မှာ မိမိတို့အားလုံး၏ သမိုင်းပေးတာဝန်ဖြစ်သည့် အလျှောက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

ဤနေ့ထူးနေ့မြတ်တွင် (၈.၈.၈.၈)အရေးတော်ပုံကြီးအပါအဝင် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး၊ တိုင်းရင်းသား အားလုံးတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြသော၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ကြသော အာဇာနည် များနှင့် ဆက်လက်တိုက်ပွဲဝင်နေကြသော သူရဲကောင်းအားလုံးအား အလေးပြု၊ ဦးညွှတ်၊ ဂုဏ်ပြုအပ်ပါသည်။

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!