

ရက်စွဲ – ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်
၁။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်အချိန်တွင် ရခိုင်ပြည်၊ ကျောက်တော်မြို့ရှိ အရပ်သားပြည်သူများ စည်းကားရာ အိန္ဒိယစျေးနှင့် ကစ္ဆပနဒီတံတားတို့အား မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာစစ်တပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သဖြင့် စျေးရောင်းစျေးဝယ် ပြည်သူများ၊ ကုန်တင် ကုန်ချပြုလုပ်နေသူများနှင့် လမ်းသူလမ်းသားများအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ စုစုပေါင်း (၅၀) ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး (၅၈) ဦး ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်အပေါ် Blossom Future (BF) ပွင့်သစ်ဝေ အနေဖြင့် နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းတုန်လှုပ်ရပါသည်။
၂။ စစ်ရေးနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသည့် အရပ်သားပြည်သူများစုစည်းရာ စျေးများနှင့်တံတားများ ကဲ့သို့သော အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား၍ အစုလိုက်အပြုံလိုက် သေကြေပျက်စီးစေခဲ့သည့် ယခုကဲ့သို့ မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်အား Blossom Future (BF) ပွင့်သစ်ဝေ အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။
၃။ ဤတိုက်ခိုက်မှုသည် မြန်မာစစ်တပ်၏ ရခိုင်ပြည်တွင်း အပြင်းထန်ဆုံးနှင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးသူ ဦးရေ အများဆုံးဖြစ်ပြီး အောက်ပါနိုင်ငံတကာ ဥပဒေစာချုပ်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်း ဖြစ်သည်။
(က) နိုင်ငံတကာ ရာဇဝတ်တရားရုံး ရောမစာချုပ် (Rome Statute):
- အပိုဒ် (၇) ပါ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (Crimes Against Humanity): အရပ်သားပြည်သူများအပေါ် စနစ်တကျ သို့မဟုတ် ကျယ်ကျယ်ပြန့်ပြန့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း။
- အပိုဒ် (၈) ပါ စစ်ရာဇဝတ်မှု (War Crimes): အရပ်သားပြည်သူများနှင့် အရပ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း။
(ခ) ၁၉၄၉ ဂျနီဗာသဘောတူညီမှုစာချုပ်များနှင့် ထပ်တိုးနောက်ဆက်တွဲ ၁၊ ၂ (Geneva Conventions and Additional Protocol I, II):
- စစ်ပွဲအတွင်း အရပ်သားများနှင့် စစ်ရေးမဟုတ်သော အဆောက်အအုံများကို ပစ်မှတ်မထားရသည့် “ခွဲခြားဆက်ဆံမှု ဆိုင်ရာမူ” (Principle of Distinction)၊ အရပ်သား ထိခိုက်မှုကို ရှောင်ရှားရမည့် “ကြိုတင်သတိပေးမှုနှင့် ကာကွယ်မှုဆိုင်ရာ မူ” (Principle of Precautions) နှင့် “အချိုးအစားမျှတမှုဆိုင်ရာ မူ” (Principle of Proportionality)
- အရပ်သားများအား အကာအကွယ်ပေးရေး – အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ ထိတ်လန့်ကြောက်ရွံ့စေရန် ခြိမ်းခြောက်တိုက်ခိုက်ခြင်းများကို လုံးဝ တားမြစ်သည်။
၄။မြန်မာစစ်တပ်အနေဖြင့် ယခုကဲ့သို့နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (International Humanitarian Law)၊ ဂျနီဗာသဘောတူညီမှုစာချုပ် (Geneva Conventions)၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (Crimes Against Humanity)နှင့် စစ်ရာဇဝတ်မှု (War Crimes) တို့ကို ပေါ်ပေါ်ထင်ထင် ဆက်တိုက် ကျူးလွန်ချိုးဖောက်နေရခြင်း၏ အဓိက အကြောင်းတရားတခုမှာ ၎င်းတို့၏ ကျူးလွန်ချိုးဖောက်မှုကြောင့် UN အပါအဝင် နိုင်ငံတကာအသိုက်အဝန်းများအနေဖြင့် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ မရှိနေသေးသည့်အတွက်တို့ကြောင့် ဖြစ်သည်ဟု မိမိတို့ Blossom Future (BF) အနေဖြင့်ရှုမြင်သည်။
၅။ Blossom Future (BF) ၏ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းစာရင်းအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ မြန်မာစစ်တပ်မှ ရခိုင်ပြည်တွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း (၁၁၄ ) ခုရှိခဲ့ပြီး (၁၃၀) ဦးသေဆုံး၊ ( ၂၁၃ ) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
၆။ ထို့အတွက်ကြောင့် မိမိတို့ Blossom Future (BF) အနေဖြင့် UN, ASEAN နှင့် နိုင်ငံတကာအသိုက်အဝန်းများသို့ အောက်ပါအတိုင်း ထပ်လောင်းတောင်းဆိုအပ်ပါသည်။
(၆-၁) မြန်မာစစ်တပ်ထံလေယာဉ်ဆီ တင်ပို့ရောင်းချနေသည့် နိုင်ငံများနှင့် ကုမ္ပဏီများအနေဖြင့် အရပ်သားပြည်သူများအပေါ် လေကြောင်းမှ တိုက်ခိုက်မှုများရပ်တန့်စေရန်အတွက် လေယာဉ်ဆီ ရောင်းချတင်ပို့မှုများကို ချက်ချင်း ရပ်ဆိုင်းပေးရန်။
(၆-၂) နိုင်ငံတကာ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများနှင့် အခြား ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ဖော်ဆောင်နိုင်ရေးအတွက် မြန်မာစစ်တပ်အား နည်းလမ်းမျိုးစုံဖြင့် ထိရောက်သည့် အရေးယူ ဒဏ်ခတ်မှု ပြုလုပ်ပေးရန်နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံ အခြေအနေအား နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းပေးပါရန်။
(၆-၃) နိုင်ငံတကာအသိုင်းအဝန်းများအနေဖြင့် မြန်မာစစ်တပ်ထံ လက်နက်တင်ပို့ ရောင်းချပေးနေမှုများအား ချက်ချင်းရပ်ဆိုင်း ပေးရန်။
(၆-၄) လက်နက်ကိုင် ပဋိပက္ခကြောင့် ပြည်တွင်းနေရပ်စွန့်ခွါတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များနှင့် အသက်အန္တရာယ် အကာအကွယ်မဲ့နေသော အရပ်သားပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာ အရေးပေါ် ကူညီကယ်ဆယ်ရေး ရန်ပုံငွေများကို သက်ဆိုင်ရာအရပ်ဘက်လူမှုအဖွဲ့အစည်းများ မှတဆင့်နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ များအား တိုက်ရိုက်ထောက်ပံ့ပေးရန်။
Blossom Future (BF)
ပွင့်သစ်ဝေ
ဆက်သွယ်ရန် – ဖုန်း/Signal +66626874266
Email : contact@blossomfuture.org