Blossom Future (ပွင့်သစ်ဝေ) အဖွဲ့အစည်းမှ ဦးစီး၍ မဲဆောက်မြို့ Youth Connect သင်တန်းခန်းမ၌ “နာရီ ၄၀ ကြာ အခမဲ့ ထိုင်းဘာသာစကားသင်တန်း” အပတ်စဉ် (၂၁) In Person တန်းခွဲ A နှင့် တန်းခွဲ B တို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားများကို ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့နှင့် (၁၁) ရက်နေ့ ညနေ (၆:၀၀) နာရီအချိန်များတွင် အသီးသီး အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခု အပတ်စဉ်၏ တန်းခွဲ A တွင် အမျိုးသမီး သင်တန်းသူ (၁၀) ဦး၊ အမျိုးသား သင်တန်းသား (၁၁) ဦးနှင့် တန်းခွဲ B တွင် အမျိုးသမီး သင်တန်းသူ (၁၂) ဦး၊ အမျိုးသား သင်တန်းသား (၇) ဦး၊ စုစုပေါင်း သင်တန်းသား (၄၀) ဦးတို့ တက်ရောက်သင်ယူသွားမည်ဖြစ်ပြီး Youth Connect တွင်သင်ကြားပေးလျက်ရှိသော Trainer ဆရာ များက သင်ကြားပေးသွားမည်ဖြစ်ပါသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားများ၏ အစဦးတွင် Blossom Future (ပွင့်သစ်ဝေ)၏ Program Manager မှ အဖွင့်အမှာစကား စတင်ပြောကြားခဲ့ပြီး၊ သင်တန်းသားများနှင့် တွေ့ဆုံရသည့်အတွက် များစွာဝမ်းမြောက်မိကြောင်း မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ထို့ပြင် ထိုင်းနိုင်ငံအတွင်း နေထိုင်လုပ်ကိုင်နေကြသည့် မိမိတို့ ရွှေ့ပြောင်းမြန်မာများအနေဖြင့် နေ့စဉ်လူမှုဘဝအတွက် လိုအပ်သော ဘာသာစကားစွမ်းရည်များ မြှင့်တင်ရန်၊ လုပ်ငန်းခွင်အတွင်း ထိရောက်စွာ ဆက်သွယ်ပြောဆိုနိုင်ရန်နှင့် ကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်အတွက် ထိုင်းဘာသာစကားကို မဖြစ်မနေ လေ့လာသင်ယူသင့်ကြောင်း သင်တန်းများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စီမံကိန်းအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ Program Manager မှ Blossom Future (ပွင့်သစ်ဝေ) ၏ ထိုင်းဘာသာစကားသင်တန်းများအပြင် အခြားလုပ်ဆောင်လျက်ရှိသော ဝန်ဆောင်မှုအကြောင်းအရာများကိုပါ ဆက်လက်ရှင်းပြခဲ့ပါသည်။
ထို့နောက် သင်တန်းတာဝန်ခံမှ သင်တန်း၏ အသေးစိတ်အချက်အလက်များနှင့် သင်တန်းကာလအတွင်း လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းခဲ့ပြီး၊ သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း အကူအညီနှင့် မေးမြန်းလိုသည်များရှိပါက အချိန်မရွေး ဆက်သွယ်နိုင်ကြောင်းနှင့် သင်တန်းပြီးဆုံးသည့်အထိ တက်ရောက်ကြရန် ပြောကြားခဲ့ပါသည်။ ထို့ပြင် သင်တန်းသား၊ သင်တန်းသူအချင်းချင်း ဗဟုသုတများ မျှဝေနိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် အခြားသော အထောက်အပံ့များ ရယူနိုင်ရန်အတွက် Telegram Group များ ဖွင့်လှစ်ပေးထားမှုနှင့် တက်ရောက်စဉ်အတွင်း လိုအပ်ချက်များကို အကြံပြုနိုင်ကြောင်း ရှင်းလင်းပြောကြားကာ၊ သင်တန်းသားများအားလုံး သင်တန်းပြီးဆုံးသည့်အထိ တက်ရောက်ရန် ထပ်မံတိုက်တွန်းပြောကြားပြီး ထိုင်းဘာသာစကားသင်တန်း အပတ်စဉ် (၂၁) အတန်းများကို အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။ ဤထိုင်းဘာသာစကားသင်တန်းများ ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ကူညီပံ့ပိုးပေးခဲ့ကြသော အလှူရှင်များနှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများအားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိအပ်ပါသည်။






