(၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခြင်း

နေ့စွဲ – ဇူလိုင်လ (၁၉)ရက် ၂၀၂၆ခုနှစ်။

၁၉ရက်၊ ဇူလိုင်လ၊ ၂၀၂၆ ခုနှစ် (တနင်္ဂနွေနေ့)တွင် ကျရောက်သော (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပွဲအား Blossom Future မှ ကြီးမှူး၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တစ်နေရာတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ ကျဆုံးလေပြီးသော အာ ဇာနည်ခေါင်းဆောင်ကြီးများနှင့် ဒီမိုကရေစီရရှိရေး၊ အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ တိုင်းရင်းသား အားလုံးတန်းတူရေးနှင့် ကိုယ်ပိုင်ပြ ဌာန်းခွင့်တို့အတွက် ခေတ်အဆက်ဆက် အသက်ပေးတိုက်ပွဲဝင်သွားကြသော အာဇာနည် ကြယ်ပွင့်များအား ဂုဏ်ပြုသောအားဖြင့် ငြိမ်သက်အလေးပြုခြင်း ပြုလုပ်ခဲ့ကြပါသည်။ ဆက်လက်၍ တက်ရောက်လာသော လူကြီးမင်းများနှင့် ဧည့်သည်တော်များမှ အာဇာနည်များအား လွမ်းသူ့ပန်းများချ၍ ဂါရဝပြုခဲ့ကြပါသည်။ ထို့နောက် Blossom Future ၏ Founder ဒေါက်တာစန်းအောင်မှ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ Blossom Future ၏ Founder ဒေါက်တာစန်းအောင်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး NLD ပါတီ၏ ဒုဥက္ကဌ Dr.Bioနှင့် Overseas Irrawaddy Association-OIA ၏ Executive Director ကိုဖိုးသင်္ကြန်တို့မှ အာဇာနည်နေ့အကြောင်း ဗဟုသုတများ၊ မိမိတို့ကြုံတွေ့ခဲ့သော နိုင်ငံရေး ဗဟုသုတများနှင့် ဒီမိုကရေစီရရှိရေး၊ အာဏာရှင် စနစ်တိုက်ဖျက်ရေး၊ တိုင်းရင်းသား အားလုံးတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ရရှိရေးအတွက် မိမိတို့ပြည်သူတွေ တစ်ယောက်ချင်းစီတိုင်းက ကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။ တိုင်းပြည်တွင် နောက်ထပ်အာဇာ နည်များစွာ မပေါ်ပေါက်ရေးအတွက် အားလုံးစည်းလုံးညီညွှတ်မှုဖြင့် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။ တက်ရောက်လာသော ဧည့်သည်များမှလည်း အာဇာနည်နေ့နှင့် ပတ်သတ်၍ ဆရာများ ပြောကြားသွားသည်မှာ များစွာမှတ်သားစရာ ကောင်းကြောင်းနှင့် လက်ရှိနိုင်ငံရေးနှင့် ပတ်သတ်၍ သိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပါသည်။ အခမ်းအနား အစီအစဉ်နောက် ဆုံးအနေဖြင့် Blossom Future မှ တက်ရောက်လာသော ဧည့်သည်များအား အအေးနှင့်မုန့် ဧည့်ခံကျွေးမွေးခဲ့၍ အခမ်းအနားအား အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။

ဇူလိုင် ၁၉ မှသည်… နွေဦးအာဇာနည်များဆီသို့

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တိုင်းပြည်နဲ့လူမျိုး လွတ်လပ်ရေးအတွက် အသက်ပေးလှူသွားခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည်ကြီး (၉) ဦးရဲ့ ကျေးဇူးတရားကို ကျွန်တော်/ကျွန်မတို့ ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်ပါဘူး။ တိုင်း ပြည်အတွက် စိုက်ထူခဲ့တဲ့ သူတို့၏ စိတ်ဓာတ်နှင့်သမိုင်းက အမြဲတမ်း ရှင်သန်နေဆဲဖြစ်ပါသည်။ သို့သော် ယနေ့ခေတ်မှာ “အာဇာနည်” ဆိုသောစကားလုံးမှာ အတိတ်က(၉) ဦးတည်းဖြင့် ရပ်တန့်မနေခဲ့ပါဘူး။ ၂၀၂၁ နွေဦးတော်လှန်ရေးမှစ၍ ယနေ့ထက်ထိ မိမိတို့၏အနာ ဂတ်၊ အိပ်မက်တွေနှင့်ဘဝများအား ပေးဆပ်ပြီး မတရားမှုကို အသက်နှင့်လဲကာ တွန်းလှန်နေကြသော၊ တိုင်းပြည်အတွက် အသက်ပေး လှူသွားကြသော “နွေဦးအာဇာနည်” ပေါင်းများစွာမှာလည်း ကျွန်တော်/ကျွန်မတို့ ရင်ထဲတွင် ကမ္ပည်းတင် ကျန်ရစ်နေမှာ ဖြစ်ပါသည်။

– တောတောင်တွေထဲမှာ…

– လမ်းမတွေပေါ်မှာ…

– မြို့ပြပြောက်ကျား စစ်ဆင်ရေးတွေမှာ…

လူမသိသူမသိ အသက်ပေးသွားခဲ့ကြတဲ့ သူရဲကောင်းတစ်ဦးချင်းစီတိုင်း၊ စစ်အာဏာရှင်စနစ် ကျဆုံးရေး အတွက် နောက်ဆုံးထွက် သက်အထိ တိုက်ပွဲဝင်သွားကြတဲ့ တော်လှန်ရေးရဲဘော်တွေ အားလုံးဟာ ဒီနေ့ခေတ်ရဲ့ ဂုဏ်ပြုလေးစားဖွယ်ရာ စစ်မှန်သော အာဇာ နည်တွေပဲ ဖြစ်ပါတယ်။ အာဇာနည်ကြီး (၉) ဦးကို အလေးပြုသကဲ့သို့ တိုင်းပြည်သစ်အတွက် အသက်ပေးဆပ်သွားကြသော နွေဦးအာဇာနည်သူရဲကောင်း အပေါင်းကိုလည်း ဦးညွှတ်အလေးပြုအပ်ပါတယ်။ သူတို့မျှော်လင့်ခဲ့တဲ့၊ သူတို့ အသက်နှင့်လဲပြီး တည်ဆောက် ချင်ခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ဆီသို့ တော်လှန်ရေးခရီးကို အဆုံးအထိဆက်လက် လျှောက်လှမ်းကြပါစို့။

#အာဇာနည်နေ့

#နွေဦးအာဇာနည်များအားအစဉ်လေးစားဦးညွှတ်လျက်

#July19MartyrsDay

#၁၉ဇူလိုင်မမေ့နိုင်

#BlossomFuture

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!