၁၉ရက်၊ ဇွန်လ၊ ၂၀၂၆ ခုနှစ် (သောကြာနေ့) တွင်ကျရောက်သော အမေစု အသက် (၈၁)ပြည့် မွေးနေ့ အထိမ်းအမှတ် ပွဲအား 𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 မှ ကြီးမှူး၍ ထိုင်းနိုင်ငံ မဲဆောက်မြို့တစ်နေရာတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ ဒီမိုကရေစီရရှိရေး၊ အာဏာရှင်စနစ် ပျောက်ကွယ်ရေး၊ တိုင်းရင်း သား အားလုံး တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်တို့အတွက် အသက်ပေး တိုက်ပွဲဝင်ခဲ့ကြသော ကျဆုံး လေပြီးသော အာဇာနည်ခေါင်းဆောင် များအား ဂုဏ်ပြုသောအားဖြင့် ငြိမ်သက် အလေးပြုခြင်းပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 ၏ 𝗙𝗼𝘂𝗻𝗱𝗲𝗿 ဒေါက်တာစန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခြင်းနှင့် အမေစု နှင့် ပတ်သတ်ပြီး မြန်မာပြည်သူများ အတွက် လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ အရေးအား ကိုယ်ကျိုးမငဲ့ကွက်ပဲ ယခုအချိန်ထိ ပေးဆပ် ဆောက်ရွက်နေဆဲ ဖြစ်သည့် အတွက် အင်မတန် လေးစားထိုက်သူ ဖြစ်ကြောင်း၊ ပညာရှိကိုဆည်းကပ်ခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်ကြောင်း နှင့် အမေစုအား ဂုဏ်ပြုသောအားဖြင့် ယခုအခမ်းအနားအား ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး 𝗡𝗟𝗗 ပါတီ၏ ဒုဥက္ကဌ 𝗗𝗿.𝗕𝗶𝗼 နှင့် 𝗢𝘃𝗲𝗿𝘀𝗲𝗮𝘀 𝗜𝗿𝗿𝗮𝘄𝗮𝗱𝗱𝘆 𝗔𝘀𝘀𝗼𝗰𝗶𝗮𝘁𝗶𝗼𝗻-𝗢𝗜𝗔 ၏ 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 ကိုဖိုးသင်္ကြန်မှ အမေစုနှင့် ပတ်သတ်သည့် အကြောင်းအရာများအား ဗဟုသုတအဖြစ် မျှဝေပေးပြီး တော်လှန်ရေးတွင် တက်နိုင်သမျှ ပူးပေါင်း ပါဝင်ကြဖို့ တိုက်တွန်း နှိုးဆော်ခဲ့ပါသည်။ တက်ရောက်လာသော ဧည့်သည်တော်များမှလည်း အမေစု မွေးနေ့ ဆုတောင်းစကားများ နှင့် ဒီမိုကရေစီအရေးတွင် လူတိုင်းလူတိုင်း ကိုယ်တက်နိုင်သလောက် ပူးပေါင်းပါဝင်ကြဖို့ မေတ္တာရပ်ခံတိုက်တွန်းနှိုးဆော်ခဲ့ကြပါသည်။ အခမ်းအနားအစီအစဉ် နောက်ဆုံးအနေဖြင့် Blossom Future အဖွဲ့သားများနှင့်တကွ တက်ရောက်လာသော ဧည့်သည်တော်များမှ အမေစု ကျန်းမာပါစေကြောင်း နှင့် မတရားချုပ်နှောင် ဖမ်းဆီးခံရခြင်းမှ အမြန် လွတ်မြောက်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့၍ မွေးနေ့ ကိတ်ခွဲခဲ့ကြပါသည်။ ဧည့်သည်များအား အအေးနှင့်မုန့် ဧည့်ခံကျွေးမွေးခဲ့၍ အခမ်းအနားအား အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။





