N𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီးကျင်းပပြုလုပ်သော (၃၀) ရက်ကြာ အခမဲ့စိုက်ပျိုးရေးသင်တန်း ” အပတ်စဉ်-(၁၇) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ (၄) ရက်နေ့၊ နံနက် (၁၀) နာရီတွင် မဲဆောက်မြို့ ဟုံဖိုင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် သင်တန်းသား၊ သင်တန်းသူ အမျိုးသမီး သင်တန်းသူ (၄) ဦး နှင့် အမျိုးသား သင်တန်းသား (၁၀) ဦး စုစုပေါင်း (၁၄) ဦးတို့ တက်ရောက်သင်ယူမည်ဖြစ်ပါသည်။
ပထမဦးစွာ New Myanmar foundation မှ project manager မှ ဤကဲ့သို့ စိုက်ပျိုးရေးသင်တန်းဖွင့်လှစ်ပေးရခြင်းမှာ စိုက်ပျိုးရေးဖြင့် အလုပ်အကိုင် လုပ်နိုင်ကြရန် သင်တန်းဖွင့် သင်ကြားခြင်းမျိုးလည်း ရည်ရွယ်ကြောင်း၊ မိမိကိုယ်တိုင် ရပ်တည်နိုင်သော အလုပ်ကိုင် ရရှိအောင် စွမ်းဆောင်ရည် မြှင့်တင် ပေးသော သင်တန်းမျိုးလည်း ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် စပ်ဆိုင်သော လုပ်ငန်းခွင်များတွင်လည်း ဆက်စပ်၍ ကိုယ်တိုင် စိုက်ပျိုးရပ်တည်နိုင်အောင်လည်း ကြိုးစားသင်ယူသင့် ကြောင်း၊ အလုပ်ကိုင် အခွင့်အလမ်းများ ရရှိစေရန် အတွက်လည်း New Myanmar Foundation အနေဖြင့် ဖော်ဆောင်ပေးနိုင်ရန် ကြိုးစား၍ ဆောင်ရွက်ပေးကြမည်ဖြစ်ကြောင်း၊ ထို့ပြင်မကြာခင်တွင် မြေလိုက်ငှားပေးမည့်အစီအစဉ်လည်း စတင်တော့မည်ဖြစ်၍ လျှောက်ထားလိုသူများ အနေဖြင့် သင်တန်း တွင် စိတ်ပါဝင်စားစွာ သင်ယူလေ့လာကြရန် ပြောကြားခဲ့ ပါသည်။
သင်တန်းတာဝန်ခံမှ စိုက်ပျိုးရေးသင်တန်း အပတ်စဉ် (၁၇) တွင် တက်ရောက်ရန် လျှောက်ထားပေး သည့်အတွက် ကျေးဇူးတင်ကြောင်း၊ သင်တန်းကာလ (၂၂) ရက်အတွင်း စည်းကမ်းများကို လေးစား လိုက်နာရန်၊ သင်တန်းကာလအတွင်း မိသားစုဝင်များကဲ့သို့ ပေါင်းသင်း ဆက်ဆံကြရန် ပြောကြား ခဲ့ပါသည်။ ထို့ပြင်လက်တွေ့လုပ်ဆောင်ရာတွင်ဖြစ်ဖြစ်၊ သင်တန်းတွင်ဖြစ်ဖြစ် အခက်အခဲများ ကြုံရပါ က သင်တန်းဆရာနှင့် မိမိကို အချိန်မရွေးဆက်သွယ်နိုင်ပါကြောင်း၊ သင်တန်းမှချမှတ်ထားသော စည်းကမ်းများကို လေးစားလိုက်လိုက်နာရန်နှင့် ထပ်မံဖြည့်စွက်အနေဖြင့် ခွင့်မဲ့ပျက်ကွက်ခြင်းနှင့် ပါတ်သက်သည့် စည်းကမ်းချက်များအကြောင်း၊ သင်တန်းသားတစ်ဦးစီတိုင်းက သင်တန်းအောင်မြင်စွာ ပြီးဆုံးရေးအတွက် တာ၀န်ကိုယ်စီရှိကြောင်းနှင့် NMF မှ မြေငှားပေးမည့် အစီအစဉ်ကို လျှောက်ထားလိုသူများအနေဖြင့် စိုက်ပျိုးရေးသင်တန်းတွင် စိတ်ဝင်တစားနှင့် သေချာစွာလေ့လာကြရန် ပြောကြားခဲ့ ပါသည်။
ဆက်လက်၍ သင်တန်းဆရာ မှ စိုက်ပျိုးရေးသင်တန်းသို့ ရောက်ရှိ လာကြသော သင်တန်းသူ / သား များအား ဝမ်းသာကြိုဆိုကြောင်း ၊ တပိုင်တနိုင်စိုက်ပျိုးနည်းဖြစ်ပြီး မိမိကိုယ်ကို ရပ်တည်နိုင်မည့် လုပ်ငန်း ဖြစ်ကြောင်း၊ ယခု သင်တန်းသားများ၏ အောင်မြင်မှုသည် နောက်လူများအတွက် အခွင့်အရေး ဖြစ်ကြောင်း ၊ သင်တန်းတက်ရောက်နေစဉ်ကာလအတွင်းမှာလည်း သင်တန်းသားအချင်းချင်း ရိုင်းပင်းကူညီစိတ်ဖြင့် တစ်ဦးနှင့် တစ်ဦးကူညီကြရန်လိုအပ်ကြောင်း၊ သင်တန်းတက်ရောက်နေစဉ် အတွင်း သင်တန်းစည်းကမ်းများ လိုက်နာပေးကြရန်နှင့် သင်တန်းကာလအတွင်း မိမိတို့ လုံခြုံရေးနှင့် ကိုယ်ပိုင်ပစ္စည်းများကို သေချာသိမ်းဆည်ကြရန်လိုအပ်ကြောင်း စသည်ဖြင့် အမှာစကား ပြောကြားခဲ့ သည်။
ထို့ပြင် Protection officer မှလည်း ရဲဖမ်းခံရသည်ကိစ္စများ၊ အလုပ်လုပ်ရာတွင် တစ်စုံတစ်ရာ အဆင် မပြေမှုများ၊ လုပ်ခလစာမပေးခြင်းများ စသည့်ကိစ္စများ ကြုံလာပါက အချိန်မရွေးဆက်သွယ်၍ ရကြောင်း လိုက်လံကူညီမည်ဖြစ်ကြောင်း ပြောကြားပေးခဲ့ပါသည်။
ထို့ပြင် အလုပ်အကိုင်ရှာဖွေပေးရေးတာဝန်ခံမှ သင်တန်းပြီးဆုံးပြီးနောက် မိမိတို့ NMF မှ အလုပ်အကိုင် အခွင့်အလမ်းများကို ချိတ်ဆက် ဆက်သွယ်ပေးကြောင်း ပြောကြားပေးခဲ့ပါသည်။ ထို့နောက် သင်တန်းသားများမှ တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြား၍ အခမ်းအနားအစီအစဉ်အား အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။


