New Myanmar Foundation ၏ ၁၆-၁၀-၂၀၂၃ မှ ၂၅-၁၀-၂၀၂၃ ရက်နေ့အထိ (၁၀) ရက်ကြာ ကျင်းပဖွင့်လှစ်သည့် အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း အပတ်စဉ်-(၃၃) သင်တန်းဆင်းပွဲ ကို (၂၅-၁၀-၂၀၂၃) ရက်နေ့ ညနေ (၄) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Sewing Machine Training Center တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
သင်တန်း အပတ်စဉ် (၃၃)ကို အောင်မြင်ပြီးမြောက်သည်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ၊ သင်တန်းသား (၁၁) ဦးရှိပါသည်။
သင်တန်းဆင်းပွဲတွင် ဦးစွာသင်တန်းတာဝန်ခံ NLD ဧရာဝတီတိုင်းတွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ သင်တန်းသားများ၏ အလုပ် လုပ်ရာတွင် အလေးအနက်ထားတတ်သော စိတ်ဓာတ်များနှင့် ကြိုးစားမှုများအားတွေ့ရသည့်အတွက် ဝမ်းသာပါကြောင်း၊ ရောက်ရှိရာနေရာတိုင်းတွင် ညီရင်းအစ်ကို၊ မောင်ရင်းနှမစိတ်ထားများနှင့် ကူညီစောင့်ရှောက်ရင်း ခွန်အားပေးကြရမည်ဖြစ်ကြောင်း၊ မိမိ မိသားစု၊ မိမိနိုင်ငံအရေးများတွင်လည်း မမေ့မလျော့ အစဉ်တစိုက်ကူညီကြရန် မှာကြားချင်ပါကြောင်း၊ သင်တန်းသားများသည် စက်ချုပ်အလုပ်ဝင်နိုင်သည့်အဆင့်သို့ ရောက်ရှိကြပြီဖြစ်သောကြောင့် အလုပ်ဝင်ရင်း ဘဝခရီးကိုအင်အားအပြည့်ဖြင့် ဆက်လက်လျှောက်လှမ်းကြရန် တိုက်တွန်းအားပေးပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ သင်တန်းတာဝန်ခံမဝေဝေမှ အခမဲ့ အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၃၃) အား သင်တန်းအစမှပြီး ဆုံးသည်အထိ ကြိုးကြိုးစားစားအောင်မြင်အောင် တက်ရောက်ခဲ့ကြသည့်အတွက် ဂုဏ်ယူပါကြောင်း၊ သက်ဆိုင်ရာ Group များမှတစ် ဆင့်အချိန်မရွေးဆက်သွယ်ခြင်း၊ မေးမြန်းခြင်းများအပြန်အလှန်ပြုလုပ်တိုင်ပင်ခြင်းများ ဆောင်ရွက်နိုင်ပါကြောင်းနှင့် New Myanmar Foundation ဘက်မှလည်းနိုင်သ၍ ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းသူ၊ သင်တန်းသား တစ်ဦးချင်းစီမှ သင်တန်း၏ အားနည်းချက်၊ အားသာချက်များ ဆွေးနွေးတင်ပြကြပါသည်။ သင် တန်းသူ၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ပြီးနောက် အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ သင်တန်းဆင်းပွဲကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
အခမဲ့ အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၃၃) သင်တန်းတွင် စက်ချုပ်ပညာသာမက –
၁။ လူ့အခွင့်အရေး၊
၂။ ရွေ့ပြောင်းအလုပ်သမားအခွင့်အရေး၊
၃။ အမျိုးသမီးအခွင့်အရေး၊
၄။ ထိုင်းနိုင်ငံအလုပ်သမားဥပဒေ၊
၅။ ထိုင်းနိုင်ငံအလုပ်သမားများနှင့် သက်ဆိုင်သောအစိုးရဌာနများ၊
၆။ အလုပ်ရှင်နှင့် အလုပ်သမားများကြား ဖြစ်တတ်သောပြဿနာများနှင့် ဖြေရှင်းရန်နည်းလမ်းများကိုပါ မျှဝေခဲ့ပါသည်။


