New Myanmar Foundation ၏ ၁-၁၁-၂၀၂၃ မှ ၁၀-၁၁-၂၀၂၃ ရက်နေ့အထိ (၁၀) ရက်ကြာ ကျင်းပဖွင့်လှစ်သည့် အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း အပတ်စဉ်-(၃၄) သင်တန်းဆင်းပွဲ ကို (၁၀-၁၁-၂၀၂၃) ရက်နေ့ ညနေ (၄) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Sewing Machine Training Center တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
သင်တန်း အပတ်စဉ်-(၃၄)ကို အောင်မြင်ပြီးမြောက်သည်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ၊သင်တန်းသား (၁၀)ဦး ရှိပါသည်။
သင်တန်းဆင်းပွဲတွင် ဦးစွာ New Myanmar Foundation ၏ Monitoring and Evaluation Manager ဖြစ်သူ ကိုဝိုင်းချစ်အောင်မှ မိမိတို့အားလုံးသည် ဘဝတူများဖြစ်သောကြောင့် စိတ်ဓာတ်မကျရန် အားပေးစကားပြောကြားလိုကြောင်း၊ New Myanmar Foundation ၏ ဆောင်ရွက်နေမှုများကို ရှင်းပြပေးခဲ့ပြီး သက်ဆိုင်ရာ Group များမှ တစ်ဆင့် အချိန်မရွေး ချိတ်ဆက်ဆက်သွယ်နိုင်ပါကြောင်း၊ အခက်အခဲများရှိပေမယ့်လည်း စိတ်ရှည်ဇွဲကောင်းစွာနှင့် ကျော်ဖြတ်ကြဖို့ တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ သင်တန်းတာဝန်ခံ NLD ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ သင်တန်းသားများ၏ စနစ်တကျနှင့် အားစိုက်ကြိုးစားမှုများအား တွေ့ရသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ မိမိ မိသားစု၊ မိမိနိုင်ငံအတွက် အကျိုးပြုနိုင်သူတစ်ဦးဖြစ်ဖို့ ဆက်လက်ကြိုးစားကြရန် တိုက်တွန်းနေမှာဖြစ်ကြောင်း၊ အချင်းချင်းစောင့်ရှောက်ကြပြီး လိုရာပန်းတိုင်သို့ အရောက်လှမ်းကြရန် တိုက်တွန်းအားပေးပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းသူ၊သင်တန်းသား တစ်ဦးချင်းစီမှ သင်တန်း၏ အားနည်းချက်၊ အားသာချက်များ ဆွေးနွေး တင်ပြကြပါသည်။ သင်တန်းသူ၊သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပြီးနောက် အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ သင်တန်းဆင်းပွဲကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း အပတ်စဉ်-(၃၄) သင်တန်းတွင် စက်ချုပ်ပညာသာမက –
၁။ ထိုင်းနိုင်ငံ၏ အခြေခံအလုပ်သမားအခွင့်ရေး နှင့် အမျိုးသမီးအခွင့်ရေး သင်တန်း
၂။ အလုပ်ရှင်နှင့် အလုပ်သမားများကြား ဖြစ်တတ်သော ပြဿနာများနှင့် ဖြေရှင်းရန် နည်းလမ်း
၃။ အခြေခံလူ့အခွင့်အရေး သင်တန်း
၄။ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်စွမ်းအား မြှင့်တင်မှု သင်တန်း များကိုပါမျှဝေခဲ့ပါသည်။













