New Myanmar Foundation ၏ ၁၁-၁၁-၂၀၂၃ မှ ၂၀-၁၁-၂၀၂၃ ရက်နေ့အထိ (၁၀) ရက်ကြာ ကျင်းပဖွင့်လှစ်သည့် အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၃၅) သင်တန်းဆင်းပွဲကို (၂၀-၁၁-၂၀၂၃) ရက်နေ့ ညနေ (၄) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Sewing Machine Training Center တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းအပတ်စဉ် (၃၅) ကို အောင်မြင်ပြီးမြောက်သည်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ၊ သင်တန်းသား (၈) ဦးရှိပါသည်။
သင်တန်းဆင်းပွဲတွင် ဦးစွာ New Myanmar Foundation ၏ Monitoring and Evaluation Manager ဖြစ်သူ ကိုဝိုင်းချစ်အောင်မှ ဘဝကိုတန်ဖိုးရှိရှိ၊ အားကောင်းကောင်းနှင့် စိတ်ဓာတ်မကျဘဲ ရှေ့ခရီးဆက်ကြဖို့ အားပေးနေမှာ ဖြစ်ကြောင်း၊ အခက်အခဲများရှိပေမယ့်လည်း စိတ်ရှည်ဇွဲကောင်းစွာနှင့် ကျော်ဖြတ်ကြဖို့ တိုက်တွန်းပါကြောင်း၊ သက်ဆိုင်ရာ Group များမှတစ်ဆင့် အချိန်မရွေးချိတ်ဆက်ဆက်သွယ်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ သင်တန်းတာဝန်ခံ NLD ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ သင်တန်းသူ၊ သင်တန်းသားများအားသင် တန်းပြီးဆုံးသည်အထိ စနစ်တကျလေ့လာပြီး ဂရုတစိုက်ပညာယူခဲ့ကြတာကြောင့် ဂုဏ်ယူပါကြောင်း၊ စက်ချုပ်ပညာသည် မည်သည့်ဒေသတွင်မဆို လုပ်ကိုင်အသက်မွေးနိုင်သောကြောင့် ရှေ့ဆက်လုပ်ငန်းခွင်ဝင်ရင်းကြိုးစားကြဖို့ တိုက်တွန်းပါကြောင်း၊ မိမိမိသားစု၊ မိမိနိုင်ငံအတွက် အကျိုးပြုနိုင်သူတစ်ဦးဖြစ်ဖို့ ဆက်လက်ကြိုးစားကြရန် တိုက်တွန်းနေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းသူ၊ သင်တန်းသားတစ်ဦးချင်းစီမှ သင်တန်း၏အားနည်းချက်၊ အားသာချက်များ ဆွေးနွေးတင်ပြကြပါသည်။ သင် တန်းသူ၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပြီးနောက် အမှတ်တရဓါတ်ပုံများရိုက်ကူးကာ သင်တန်းဆင်းပွဲကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
အခမဲ့ အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၃၅) သင်တန်းတွင် စက်ချုပ်ပညာသာမက –
၁။ ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဥပဒေသင်တန်း
၂။ အလုပ်ရှင်နှင့်အလုပ်သမားများကြား ဖြစ်တတ်သောပြဿနာများနှင့် ဖြေရှင်းရန်နည်းလမ်း
၃။ အခြေခံလူ့အခွင့်အရေးသင်တန်း
၄။ စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်စွမ်းအားမြှင့်တင်မှုသင်တန်း များကိုပါမျှဝေခဲ့ပါသည်။