ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ဂုဏ်ပြုသဝဏ်လွှာ

ယနေ့တွင်ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ထူးနေ့မြတ်တွင် အမျိုးသားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ပြည်ထောင်စုမြန်မာပြည်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွ နှစ်ပေါင်းထောင်ချီ၍ အစဉ်အဆက် မှီတင်းနေထိုင်ကြပါသည်။ ကရင်လူမျိုးအပါအဝင် ၎င်းတိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ပြည်သူအားလုံးသည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို လူတစ်ဦးချင်းစီ၏ လူ့အခွင့်အရေးများ နှင့်အတူ အပြည့်အဝခံစား နေနိုင်မှသာ လူမျိုးတစ်မျိုး နှင့် တစ်မျိုး၊ လူတစ်ဦး နှင့် တစ်ဦး ချစ်ကြည်ရင်းနှီးမှု၊ လေးစားယုံကြည်မှု၊ တန်းတူရည်တူမှုများအပြင် မိမိကိုယ်မိမိ လေးစားဂုဏ်ယူမှုများ နှင့် လူ့ဂုဏ်သိက္ခာများ ရရှိလာနိုင်မည် ဖြစ်ပါသည်။ သို့မှသာ မိမိတို့အားလုံး လိုလားတောင်းတသည့် ဒီမိုကရေစီပြည်ထောင်စု စနစ်ကြီး ကိုလည်း တည်တံ့ခိုင်မြဲအဓွန့်ရှည်စွာ တည်ထောင်နိုင်ပါမည်။

တကယ့်လက်တွေ့တွင်မူ လွတ်လပ်ရေးရသည့် အချိန်မှစ၍ တိုင်းရင်းသားပြည်သူများ၏ လူ့အခွင့်အရေးများ၊ တန်းတူအခွင့်အရေးများ မရရှိမှုကြောင့် လက်နက်ကိုင်တိုက်ပွဲဝင်မှုများ အစဉ်တစိုက် ဖြစ်ပေါ်လာခဲ့ရာ ကရင်အမျိုးသားများ၏ ဦးဆောင်အားပေးမှုများကြောင့် တိုင်းရင်းသားအရေးနှင့် ဒီမိုကရေစီရေးလှုပ်ရှားမှုများ မြန်မာပြည်အနှံ့ ကျယ်ပြန့်ကြီးမားစွာဖြင့် အောင်မြင်လာခဲ့ပါသည်။ ယခုအခါ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲအရှိန် မြင့်မားအောင်မြင်လာပြီဖြစ်ရာ ကရင်အမျိုးသားများ၏ ဦးဆောင်ခဲ့မှု၊ အားပေးကူညီခဲ့မှုများမှာ မရှိမဖြစ် အရေးပါသော အခန်းမှပါဝင်ခဲ့ပါသည်။

ထို့အပြင် တိုင်းရင်းသားပြည်သူအပေါင်းမှလည်း ဤအခွင့်ကောင်းကို လက်လွတ်ဆုံးရှုံးမခံပဲ စစ်အာဏာရှင်ကို ဖယ်ရှားပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းအောင်မြင်သည်အထိ ညီညွတ်စွာ ဆက်လက်ကြိုးပမ်းကြရန်လည်း တိုက်တွန်းအပ်ပါသည်။

နိဂုံးချူပ်အနေဖြင့် ယနေ့နေ့ထူးနေ့မြတ်တွင် ကရင်အမျိုးသားများနှင့်တကွ တိုင်းရင်းသားလူမျိုး အားလုံး၊ မြန်မာပြည်သူ/ပြည်သားအားလုံး မိမိတို့လိုလားတောင့်တသော အာဏာရှင်စနစ် လုံးဝပပျောက် ချုပ်ငြိမ်းပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မည့်၊ လူ့အခွင့်အရေးများကို အပြည့်အဝ အာမခံမည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကြီးကို အလျင်အမြန်တည်ဆောက် ခံစားနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

 New Myanmar Foundation

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!