၂၀၂၄ ခုနှစ်၊ စက်တင်ဘာ၊ ၁၅ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ ဒီမိုကရေစီနေ့အဖြစ် New Myanmar Foundation, Human Rights Program နှင့် Peace and Social Justice Group တို့ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး တနေရာတွင် လူထုအ ခမ်းအနား ပြုလုပ်ကျင်းပခဲ့သည်။ အခမ်းအနားတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ တကသများ၊ CDMဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များ စုစုပေါင်း (၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဦးဆောင်ဆွေးနွေးသူများမှ ဒီမိုကရေစီနိုင်ငံများ၏ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းသည် မိမိတို့တင်မြှောက်လိုသော အစိုးရလွှတ်တော်များကို မိမိတို့ကိုတိုင် ရွေးချယ်တင်မြှောက်နိုင်ခြင်း၊ လွတ်လပ်စွာပြောဆိုနိုင်ခြင်း၊ လွတ်လပ်စွာစုဝေးနိုင်ခြင်း၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းနိုင်ခြင်း အစရှိသည့် အခွင့်အရေးများစွာရှိသည်ကို ဆွေးနွေးခဲ့ကြသည်။ ၂၀၂၁ခုနှစ်၊ ဖေဖော်၀ါရီလ၊ (၁)ရက်နေ့တွင်အကြမ်းဖက်စစ်အုပ်စုမှ လက်နက်အားကိုးဖြင့် လူထုမှဒီမိုကရေစီနည်းကျ ရွေးချယ်ထားသော ပြည်သူ့အစိုးရအား ဖြုတ်ချပြီး နိုင်ငံခေါင်းဆောင်များနှင့် ရဟန်းရှင်လူတက်ကြွသူများအားဖမ်းဆီးပြီး မတရားအာဏာသိမ်းယူခဲ့ရာ ပြည်တွင်းပြည်ပရှိ မြန် မာပြည်သူတရပ်လုံးမှ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ယနေ့အချိန်ထိတိုက်ပွဲဝင်တောင်းဆိုလျက်ရှိသည်။ ယနေ့အချိန်ခါ လူထု၏ ဒီမိုကရေစီရရှိရေးအတွက် တောင်းဆိုမှုများသည် ခေတ်အဆက်ဆက်အာဏာသိမ်းမှုများနှင့်မတူပဲ ဒီမိုကရေလိုလားနေကြသော မြန် မာပြည်သူများမှ စစ်ရေး၊ နိုင်ငံရေး ဟန်ချက်ညီစွာ တောင်းဆိုလျက်ရှိကြောင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက်အခမ်းအနားတက်ရောက်သူများမှ ဒီမိုကရေစီ၏အနှစ်သာရနှင့် ဒီမိုကရေစီနိုင်ငံများ၏ အရေးပါပုံများကို ဆွေးနွေးခဲ့ကြပြီး အခမ်းအနားအား အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။