New Myanmar Foundation ၏ ၂၆-၉-၂၀၂၃ မှ ၅-၁၀-၂၀၂၃ ရက်နေ့အထိ (၁၀) ရက်ကြာ ကျင်းပဖွင့်လှစ်သည့် အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း အပတ်စဉ်-(၃၂) သင်တန်းဆင်းပွဲ ကို (၅-၁၀-၂၀၂၃) ရက်နေ့ ညနေ (၄) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Sewing Machine Training Center တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
သင်တန်း အပတ်စဉ်-(၃၂)ကို အောင်မြင်ပြီးမြောက်သည်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ (၈)ဦး ရှိပါသည်။
သင်တန်းဆင်းပွဲတွင် ဦးစွာ New Myanmar Foundation ၏ Monitoring and Evaluation Manager ဖြစ်သူ ကိုဝိုင်းချစ်အောင်မှ မိမိတို့အားလုံးသည် ဝင်ငွေရှိမှရပ်တည်နိုင်မည် ဖြစ်သောကြောင့် ယခုလို ဝင်ငွေရရှိမည့် အလုပ်များလုပ်ရန် ပြင်ဆင်ကြိုးစားနေကြတာ တွေ့ရှိသောကြောင့် အားပေးပါကြောင်း၊ အခက်အခဲဟူသည် နေရာတိုင်းတွင် ရှိနေမှာဖြစ်သောကြောင့် ထိုအခက်အခဲများကိုကျော်လွှားနိုင်ရန် စိတ်ရှည်၊ဇွဲကောင်း၊ဝီရိယထားကြဖို့ မှာချင်ပါကြောင်း၊ New Myanmar Foundation ၏ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များလည်း ပေးထားပြီးဖြစ်၍ အချိန်မရွေးချိတ်ဆက်နိုင်ပါကြောင်း၊ အခွင့်အလမ်းများအား မှန်မှန်ကန်ကန်နှင့် စနစ်တကျရယူကြဖို့ တိုက်တွန်းအားပေးနေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
သင်တန်းတာဝန်ခံ NLD ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ စက်ချုပ်ပညာသည် ဒေသအသီးသီးတွင် အသုံးဝင်ပြီး အသုံးချနိုင်သော ပညာရပ်ဖြစ်သောကြောင့် လုပ်ငန်းခွင်တွင်လည်း အလုပ်လုပ်ကိုင်ရင်း ထပ်ဆင့်ပိုမိုကျွမ်းကျင်အောင် ဆက်လက်လေ့လာသွားစေလိုကြောင်း၊ ရိုးသားသောအလုပ်မှန်သမျှ ဂုဏ်ရှိသောကြောင့် မိမိတို့ရောက်ရှိသည့်နေရာတွင် မဆုတ်မနစ်အချိန်ပြည့်ကြိုးစားကြဖို့ အားပေးနေမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာ Group များမှ တစ်ဆင့် အချိန်မရွေး ဆက်သွယ်ခြင်း၊ မေးမြန်းခြင်းများ အပြန်အလှန် ပြုလုပ်တိုင်ပင်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းသူတစ်ဦးချင်းစီမှ သင်တန်း၏ အားနည်းချက်၊ အားသာချက်များ ဆွေးနွေး တင်ပြကြပါသည်။ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပြီးနောက် အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ သင်တန်းဆင်းပွဲကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
အခမဲ့ အခြေခံ မော် တာနင်းစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက –
၁။ လူ့အခွင့်အရေး၊
၂။ ရွေ့ပြောင်းအလုပ်သမားအခွင့်အရေး၊
၃။ အမျိုးသမီးအခွင့်အရေး၊
၄။ ထိုင်းနိုင်ငံ အလုပ်သမားဥပဒေ၊
၅။ ထိုင်းနိုင်ငံအလုပ်သမားများနှင့် သက်ဆိုင်သော အစိုးရဌာနများ၊
၆။ အလုပ်ရှင်နှင့် အလုပ်သမားများကြား ဖြစ်တတ်သော ပြဿနာများနှင့် ဖြေရှင်းရန် နည်းလမ်း များကိုပါမျှဝေခဲ့ပါသည်

