New Myanmar Foundation မှ ဦးစီးကျင်းပဖွင့်လှစ်သည့် အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း အပတ်စဉ်-(၂၉) သင်တန်းဆင်းပွဲ ကို (၁၂-၈-၂၀၂၃) ရက်နေ့ နံနက် (၉) နာရီခွဲတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
သင်တန်း အပတ်စဉ်-(၂၉)ကို အောင်မြင်ပြီးမြောက်သည်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ (၇)ဦး ရှိပါသည်။
သင်တန်းဆင်းပွဲတွင် ဦးစွာ New Myanmar Foundation ၏ Monitoring and Evaluation Manager ဖြစ်သူ ကိုဝိုင်းချစ်အောင်မှ သင်တန်းသားများအား ရောက်ရှိနေတဲ့နေရာမှာ ဇွဲကောင်းဖို့နှင့် အားတင်းထားဖို့ အားပေးပါကြောင်း၊ အားလုံးသည် တစ်သွေးထဲ တစ်သားတည်းမို့ စည်းစည်းလုံးလုံးရှေ့ဆက်ကြမည်ဖြစ်ပြီး အချိန်မရွေးတိုင်ပင်နိုင်ပါကြောင်း၊ New Myanmar Foundation ၏ ဆောင်ရွက်နေမှုများနှင့် ရယူနိုင်သော အခွင့်အလမ်းများကိုရှင်းပြပြီး ကူညီနိုင်သရွေ့ ကူညီသွားမည်ဖြစ်ကြောင်း အားပေးစကားပြောခဲ့ပါသည်။
သင်တန်းတာဝန်ခံ NLD ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ စက်ချုပ်ပညာဖြင့် ဘဝရပ်တည်မှုရှေ့ဆက်နိုင်ပြီမို့ အားပေးနေမှာဖြစ်ကြောင်း၊ အချင်းချင်းအလုပ်နေရာတွေမတူကြပေမယ့် အဆက်အသွယ်မပြတ်ကြစေလိုကြောင်း၊ ကိုယ့်နိုင်ငံအရေးအရာတွေကို မမေ့မလျော့ဘဲ နိုင်သရွေ့ပါဝင်ကူညီကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းသူတစ်ဦးချင်းစီမှ သင်တန်း၏ အားနည်းချက်၊ အားသာချက်များ ဆွေးနွေး တင်ပြကြပါသည်။ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပြီးနောက် အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ သင်တန်းဆင်းပွဲကိုအောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
အခမဲ့ အခြေခံ မော် တာနင်းစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက –
၁။ လူ့အခွင့်အရေး၊
၂။ ရွေ့ပြောင်းအလုပ်သမားအခွင့်အရေး၊
၃။ အမျိုးသမီးအခွင့်အရေး၊
၄။ ထိုင်းနိုင်ငံ အလုပ်သမားဥပဒေ၊
၅။ ထိုင်းနိုင်ငံအလုပ်သမားများနှင့် သက်ဆိုင်သော အစိုးရဌာနများ၊
၆။ အလုပ်ရှင်နှင့် အလုပ်သမားများကြား ဖြစ်တတ်သော ပြဿနာများနှင့် ဖြေရှင်းရန် နည်းလမ်း များကိုပါမျှဝေခဲ့ပါသည်။






