New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၀) ရက်ကြာ ဖွင့်လှစ်မည့် အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း အပတ်စဉ်-(၃၀) သင်တန်းဖွင့်ပွဲ ကို (၁၈-၈-၂၀၂၃) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ဦးစွာ ပထမ သင်တန်း တာဝန်ခံ NLD – ဧရာဝတီတိုင်း တွဲဖက် အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ သင်တန်းသို့ရောက်ရှိလာသူ တစ်ဦးချင်းစီ၏ အလုပ်လုပ်ချင်သော စိတ်ဓာတ်၊ ပညာယူချင်သော စိတ်ဓာတ်များအတွက် လေးစားဝမ်းသာကြိုဆိုပါကြောင်း၊ သင်တန်းသူ/သားများအနေဖြင့် ယခုအပ်ချုပ်သင်တန်းတွင် စနစ်တကျလေ့လာသင်ယူခြင်းဖြင့် အခြေခံအဆင့်ကို တတ်မြောက်အောင် လေ့ကျင့်ကြစေလိုကြောင်း၊ အထည်ချုပ်ပညာဆိုသည်မှာ ကမ္ဘာတစ်ဝှမ်းမည်သည့်ဒေသတွင်မဆို အသုံးပြုခွင့်ရနိုင်သည့် ပညာရပ်တစ်ခုဖြစ်ခြင်းကြောင့် အလေးအနက်ထား၍ လေ့လာကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ သင်တန်း တာဝန်ခံ မဝေဝေမှ အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်းသို့ ရောက်ရှိလာကြသော သင်တန်းသူ / သား များအား ကြိုဆိုကြောင်း ၊ အချင်းချင်းဗဟုသုတများ မျှဝေနိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် အခြားသောအထောက်အပံ့များ ရယူနိုင်ခွင့်များအတွက် Signal Groupများ ဖွဲ့ပေးသွားမည်ဖြစ်ကြောင်း၊ New Myanmar Foundation ၏ ကူညီဆောင်ရွက်နေမှုများနှင့် ရယူနိုင်သောအခွင့်အလမ်းများကို ရှင်းပြပေးပြီး လိုအပ်မှုများနှင့် အကြံပြုလိုသည်များရှိပါက ဆက်သွယ်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းသားများမှ တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြား၍ အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
New Myanmar Foundation အနေဖြင့် ယခုဖွင့်လှစ်သည့် အခမဲ့အခြေခံ လျှပ်စစ် မော်တာစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာရပ်သာမ က လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး အစရှိသည့် အသိပညာရပ်များကိုလည်း ဝေမျှပေးသွားမည် ဖြစ်ပါသည်။

