New Myanmar Foundation ၏ ၅-၉-၂၀၂၃ မှ ၁၄-၉-၂၀၂၃ ရက်နေ့အထိ (၁၀) ရက်ကြာ ကျင်းပဖွင့်လှစ်သည့် အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း အပတ်စဉ်-(၃၁) သင်တန်းဆင်းပွဲ ကို (၁၄-၉-၂၀၂၃) ရက်နေ့ နေ့လည် (၂) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Sewing Machine Training Center တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
သင်တန်း အပတ်စဉ်-(၃၁)ကို အောင်မြင်ပြီးမြောက်သည်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ (၉)ဦး ရှိပါသည်။
သင်တန်းဆင်းပွဲတွင် ဦးစွာ သင်တန်းတာဝန်ခံ NLD ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ သင်တန်းသား၊သူများအားလုံး အလုပ်ခွင်သို့ ဝင်နိုင်သောအဆင့်သို့ ရောက်ရှိပြီးဖြစ်တာကြောင့် ဘဝတစ်ဆစ်ချိုးတွင် ရှေ့သို့ဆက်လျှောက်လှမ်းနိုင်ပြီဖြစ်ကြောင်း၊ မလျော့သောဇွဲ၊လုံ့လများဖြင့် အားစိုက်ကြိုးစားစေလိုပါကြောင်း၊ မိသားစုအတွက်လည်း တာဝန်ယူနိုင်သလောက်ထောက်ပံ့ကြရန် အားပေးပြောကြားခဲ့ပါသည်။
New Myanmar Foundation ၏ Monitoring and Evaluation Manager ဖြစ်သူ ကိုဝိုင်းချစ်အောင်မှ မိမိတို့အားလုံးသည် ဘဝတူများဖြစ်သောကြောင့် သင်တန်းသား၊သူများအား စာနာနားလည်လေးစားရပါကြောင်း၊ သင်တန်းသား၊သူများ သင်တန်းပြီးမြောက်သွားသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ အလုပ်ခွင်သို့ ဝင်ရောက်သည့်အခါတွင်လည်း အဆက်အသွယ်မပြတ်ကြဖို့ နှင့် အစစအရာရာဂရုစိုက်ကြဖို့ မှာချင်ပါကြောင်း၊ ဘဝဆိုသည်မှာ အနိမ့်အမြင့်ရှိနေမှာဖြစ်သောကြောင့် စိတ်ဓာတ်မကျဘဲ ခွန်အားစိုက်ထုတ်ပြီး မဆုတ်မနစ်ကြိုးစားကြဖို့ တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းသူတစ်ဦးချင်းစီမှ သင်တန်း၏ အားနည်းချက်၊ အားသာချက်များ ဆွေးနွေး တင်ပြကြပါသည်။ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပြီးနောက် အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ သင်တန်းဆင်းပွဲကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
အခမဲ့ အခြေခံ မော် တာနင်းစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက –
၁။ လူ့အခွင့်အရေး၊
၂။ ရွေ့ပြောင်းအလုပ်သမားအခွင့်အရေး၊
၃။ အမျိုးသမီးအခွင့်အရေး၊
၄။ ထိုင်းနိုင်ငံ အလုပ်သမားဥပဒေ၊
၅။ ထိုင်းနိုင်ငံအလုပ်သမားများနှင့် သက်ဆိုင်သော အစိုးရဌာနများ၊
၆။ အလုပ်ရှင်နှင့် အလုပ်သမားများကြား ဖြစ်တတ်သော ပြဿနာများနှင့် ဖြေရှင်းရန် နည်းလမ်း များကိုပါမျှဝေခဲ့ပါသည်။

