အခြေခံရိက္ခာပေး‌ဝေမှုနှင့် ပတ်သက်၍ အကြောင်းကြားခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများခင်ဗျား — လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။

မိမိတို့အနေဖြင့် မဲဆောက်ရောက် လွှတ်တော်အမတ်များ၊ CDMer များ၊ CSO/CBO များ၊ ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက် သူများ၊ နိုင်ငံရေးပါတီ၀င်များအပါအဝင် လူအခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏မိသားစုဝင်များအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုကို ၂၀၂၂ ခုနစ်၊ဖေဖော်၀ါရီလ မှစတင်ကာ ယခုအချိန်ထိ လစဉ်လတိုင်း အစဉ်တစိုက်ကူညီပေးလျက်ရှိပါသည်။ ထို့အပြင် အရေးပေါ်ရိက္ခာထောက်ပံ့မှုများလည်း ကူညီဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့လုပ်ဆောင်ရာတွင် အလှူရှင်များ၏ စည်းမျဉ်း/စည်းကမ်း များအတိုင်းစိစစ်၍ ကူညီမှုများပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ မိမိတို့အနေဖြင့် ဤအစီအစဉ်များကို လစာ-ငွေကြေးစသည့် အကျိုးစီးပွား တစ်စုံတစ်ရာ ရယူခြင်းမရှိဘဲ ပြည်သူများ၏အကျိုးအတွက် စေတနာ့၀န်ထမ်းအဖြစ် ကူညီဆောင်ရွက်နေခြင်းဖြစ်ပါသည်။

၂၀၂၃ ခုနစ်၊ ဖေဖော်ဝါရီလမှ စတင်၍ ငွေသားထောက်ပံ့မှုသို့ ပြောင်းလဲပေးဝေခဲ့ရာ ယခုအခါ လျှောက်ထားသူများ ပိုမို များပြားလာပါသည်။ ယခင်က တစ်လခွဲလျှင် လူဦးရေ (၆၀၀) ကျော်မှ ယခုအခါတွင် (၂)ပတ်အတွင်း လူဦးရေ (၁၇၀၀) ကျော်အထိ ရောက်ရှိ မြင့်တက်လာပါသည်။ လျှောက်ထားသူများ ပိုမိုများပြားလာခြင်း၊ ပြည်တွင်း၌ ထွက်ပြေးတိမ်းရှောင်နေရသူများ ပိုမိုများပြားလာခြင်း နှင့် လှူဒါန်းငွေရရှိမှု နည်းပါးလာခြင်းတို့ကြောင့် ၎င်းအလှူရှင်များမှ တတ်နိုင်သရွေ့ လျှောက်လွှာစာရင်းများကို စီစစ်ပေးရန်နှင့် အရေအတွက် လျှော့ချပေးရန် ပန်ကြားလာပါသည်။ ထို့အပြင် ၎င်းတို့အနေဖြင့် – သား/သမီးထောက်ပံ့မှုမရှိသော သက်ကြီးရွယ်အိုများ၊ အုပ်ထိန်းသူ မရှိသော မိဘမဲ့ကလေးများ၊ ကိုယ်ဝန်သည်များ၊ မသန်စွမ်းများကိုသာ အလေးထားကူညီသွားလိုကြောင်းကိုလည်း ပြောကြားလာပါသည်။

သို့ဖြစ်ပါ၍ ယခုအခြေအနေတွင် –

(၁) လွှတ်တော်အမတ်များနှင့် ၎င်းတို့၏မိသားစုဝင်များ၊

(၂) စစ်/ရဲ CDM များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊

(၃) အခြား CDM များ၊ (၎င်းတို့၏ မိသားစုဝင်များကိုပေးပါမည်။)

(၄) ၁၀ နှစ်အောက်ကလေးများ၊

(၅) ၀င်ငွေရရှိသော အလုပ်အကိုင်ရှိနေသူများ

(၆) ပန်းရောင်ကတ်၊ ၁၀ နှစ်ခံ ဘတ် ရှိသောသူများအား စာရင်းထည့်သွင်းပေးနိုင်မည်မဟုတ်တော့ပါ။

CDM များအနေဖြင့် NUG သို့ တိုက်ရိုက်တောင်းခံပါရန်လည်း ပန်ကြားအပ်ပါသည်။

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများအား အပြည့်အ၀ကူညီလိုပါသော်လည်း အလှူရှင်များ၏ အခက်အခဲများကြောင့် ယခုကဲ့သို့ ဆောင်ရွက်ရသည်ကိုလည်း နားလည်ပေးပါရန် အနူးအညွတ် တောင်းပန်အပ်ပါသည်။

ဤနေရာတွင် ထပ်လောင်းပြောလိုသည်မှာ — မိမိတို့အနေဖြင့် မည်သည့်အခက်ခဲများ ရင်ဆိုင်ကြုံတွေ့ရသည်ဖြစ်စေ စစ်အာဏာရှင်ဖယ်ရှားရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် မြန်မာပြည်သူ/သား–အားလုံးနှင့်အတူ အောင်မြင်သည်အထိ အင်တိုက်အားတိုက် ဆက်လက်တိုက်ပွဲ ၀င်သွားမည်ဖြစ်ကြောင်း ပြောကြားအပ်ပါသည်။

လေးစားစွာဖြင့်

New Myanmar Foundation

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!