𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ စစ်ဘေးရှောင်များအား ဆေးဝါးလှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်း

ထိုင်း -– မြန်မာနိုင်ငံ နယ်စပ်ဒေသရှိ ရွှေကုက္ကိုနယ်မြေတွင် စစ်ပွဲများပြင်းထန်သဖြင့် မြန်မာနိုင်ငံရှိ စစ်ဘေးရှောင် ပြည်သူများမှာ ဧပြီ (၅) ရက်နေ့မှစ၍ ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည်။ တိမ်းရှောင်လာသော လူဦးရေပေါင်း (၁၀,၀၀၀) ကျော်ခန့်မှာ ဆိတ်ခြံ ၊ နွားခြံ၊ ရော်ဘာခြံ၊ ပြောင်းဂိုထောင်၊ ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်းဝင်းများအတွင်း နေရာချထားပေးခံရပီး အစားအစာ၊ သောက်ရေ၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများ လိုအပ်လျက်ရှိပါသည်။ တိုက်ပွဲများ စတင်ဖြစ်ပွားပြီးချိန်မှစ၍ ထိုင်းနိုင်ငံနယ်စပ် သို့ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား ထိုင်းနိုင်ငံအတွင်းရှိ NGO အဖွဲ့အစည်းများနှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ ပုဂ္ဂိလကအလှူရှင်များနှင့် ထိုင်းဒေသခံများမှ အစားအစာ၊ သောက်ရေ၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများအား လာရောက်လှူဒါန်းပေးလျက်ရှိပါသည်။ New Myanmar Foundation အနေဖြင့် စစ်ဘေးရှောင်စခန်းများသို့ သွားရောက်၍ စစ်ဘေးရှောင်ပြည်သူများအတွက် ဆေးဝါးများလှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအား ဧပြီ (၈)ရက်နေ့မှစ၍ ကျန်းမာရေးတာဝန်ခံ Dr.Moon မှ လုပ်ဆောင်လျှက်ရှိပါသည်။ ဧပြီ (၈)ရက်နေ့နှင့် (၉)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ အမှတ်(၂)ဂိတ်အနီး ဘုရားတောင်စခန်းအ တွင်းရှိဆိတ်ခြံတွင် စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း (၂၀၀၀) နီးပါခန့်ရှိပီး ထိုထဲမှ ကျန်းမာရေးမကောင်းသော အရေးကြီးလူနာ (၆၀) ကျော်အား ဆေးဝါးလှူဒါန်းပြီး ကုသမှု ပြုလုပ်ပေးခဲ့ပါသည်။ ဧပြီ (၁၀)ရက်နေ့တွင်လည်း ဘုရားတောင် ဘုရားဝင်းအတွင်းတွင် စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း (၁၅၀) ခန့်ရှိနေပြီး အလှူရှင်များထံမှ လှူဒါန်းမှုများ မရရှိသေးကြောင်းနှင့် ကျန်းမာရေးမကောင်းသူများရှိနေသည်ဟု သတင်းရရှိသဖြင့် ထိုနေရာသို့သွားကာ ကျန်းမာရေးမကောင်းသော လူနာ (၃၅) ဦးကျော်အား ဆေးဝါးများလှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအား ပြုလုပ်ပေးခဲ့သည်။

New Myanmar Foundation

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!