New Myanmar Foundation မှ စီစဉ်သည့်အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၃၀) သင်တန်း ဆင်းပွဲ

New Myanmar Foundation ၏ ၁၈-၈-၂၀၂၃ မှ ၂၇-၈-၂၀၂၃ ရက်နေ့အထိ (၁၀)ရက်ကြာ ကျင်းပဖွင့်လှစ်သည့် အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း အပတ်စဉ်-(၃၀) သင်တန်းဆင်းပွဲ ကို (၂၇-၈-၂၀၂၃) ရက်နေ့ နေ့လည် (၁) နာရီခွဲတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

သင်တန်း အပတ်စဉ်-(၃၀)ကို အောင်မြင်ပြီး‌မြောက်သည်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ (၈)ဦး ရှိပါသည်။

သင်တန်းဆင်းပွဲတွင် ဦးစွာ New Myanmar Foundation ၏ Monitoring and Evaluation Manager ဖြစ်သူ ကိုဝိုင်းချစ်အောင်မှ သင်တန်းသားများ သင်တန်းပြီးမြောက်သွားသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ မိမိတို့ရောက်ရှိနေသည့်နေရာတွင် ကြိုးစားသည့်စိတ်၊ မလျော့သောစိတ်၊ ကိုယ့်တိုင်းပြည်ကိုလည်း မမေ့သောစိတ်ဓာတ်များနှင့် ကူညီထောက်ပံ့ကြရင်း ခရီးဆက်ကြဖို့ တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

New Myanmar Foundation ၏ Organizational Development Manager ဖြစ်သူ မခိုင်ဝတ်ရည်မှ Foundation ၏ ဆောင်ရွက်နေမှုများကို ရှင်းပြခဲ့ပြီး သင်တန်းသားများအတွက် အထောက်အပံ့ဖြစ်စေလိုသောကြောင့် အဆက်အသွယ်မပြတ် နေထိုင်ကြဖို့လိုကြောင်း၊ သက်ဆိုင်ရာ Group များမှ တစ်ဆင့် ဆက်သွယ်ခြင်း၊ မေးမြန်းခြင်းများ အပြန်အလှန် ပြုလုပ်တိုင်ပင်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။

သင်တန်းတာဝန်ခံ NLD ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ စက်ချုပ်ပညာဖြင့် သင်တန်းဆင်းများအားလုံး အလုပ်ခွင်သို့ ဝင်နိုင်သောအဆင့်သို့ ရောက်ရှိနေသောကြောင့် ဘဝရပ်တည်တစ်ခုအဖြစ်ရှေ့ဆက်နိုင်ပြီဟု ယုံကြည်ကြောင်း၊ အထည်ချုပ်ပညာဆိုသည်မှာ ဒေသတစ်ခုတည်းတွင် အသုံးပြုနိုင်သော ပညာသာမဟုတ်ဘဲ မည်သည့်ဒေသရောက်‌ရောက် အသုံးပြုနိုင်သော အတတ်ပညာတစ်ခုဖြစ်သောကြောင့် စနစ်တကျအသုံးချပြီး ရှေ့ဆက်ကြရန်တိုက်တွန်းကြောင်း၊  ကိုယ့်နိုင်ငံအရေးအရာတွေကို မမေ့မလျော့ဘဲ နိုင်သရွေ့ပါဝင်ကူညီအားဖြည့်ကြစေလိုကြောင်း၊ မိသားစုအတွက်လည်း တာဝန်ယူနိုင်သလောက်ထောက်ပံ့ကြရန် အားပေးပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသူတစ်ဦးချင်းစီမှ သင်တန်း၏ အားနည်းချက်၊ အားသာချက်များ ဆွေးနွေး တင်ပြကြပါသည်။ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပြီးနောက် အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ သင်တန်းဆင်းပွဲကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

အခမဲ့ အခြေခံ မော်  တာနင်းစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက –


၁။ လူ့အခွင့်အရေး၊
၂။ ရွေ့ပြောင်းအလုပ်သမားအခွင့်အရေး၊
၃။ အမျိုးသမီးအခွင့်အရေး၊
၄။ ထိုင်းနိုင်ငံ အလုပ်သမားဥပဒေ၊
၅။ ထိုင်းနိုင်ငံအလုပ်သမားများနှင့် သက်ဆိုင်သော အစိုးရဌာနများ၊
၆။ အလုပ်ရှင်နှင့် အလုပ်သမားများကြား ဖြစ်တတ်သော ပြဿနာများနှင့် ဖြေရှင်းရန် နည်းလမ်း များကိုပါမျှဝေခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!