၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှု (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ ပြည်သူသို့ပန်ကြားချက်

နေ့စွဲ – စက်တင်ဘာလ (၁၈) ရက်၊ ၂၀၂၃ ခုနှစ်

ယနေ့သည် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သော ၁၉၈၈ ခုနှစ် (၈၈၈၈) ပြည်သူ့ဒီမိုကရေစီအရေး လှုပ်ရှားမှုကြီးကို စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်ကာ အာဏာသိမ်းယူခဲ့သော သမိုင်းမှတ်တမ်း၀င် နေ့ဆိုးနေ့ယုတ်တရက် ဖြစ်ပါသည်။ လူပေါင်းထောင်သောင်းချီ၍ အသတ်ခံခဲ့ရသောနေ့ ဖြစ်ပါသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရခဲ့သည့်အချိန်မှစ၍ နိုင်ငံရေးခေါင်းဆောင်များ၏ အားနည်းချက်များကြောင့် တိုင်းရင်းသား များသည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များအတွက် လက်နက်စွဲကိုင် တိုက်ခိုက်ကာ ပြည်တွင်းစစ်ကြီး တောက် လောင်ခဲ့ပါသည်။ ၎င်းပြည်တွင်းစစ်ကို နိုင်ငံရေးအရ မဖြေရှင်းဘဲ စစ်တပ်အားကိုးကာ ဖြေရှင်းခဲ့သဖြင့် နောက်ဆုံးတွင် စစ်တပ်မှ ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းကာ စစ်အုပ်ချုပ်ရေး ထူထောင်ခဲ့ပါသည်။ ၎င်းအချိန်မှစ၍ မြန်မာပြည်သူများ သည် စစ်ကျွန်ဘ၀သို့ ရောက်ရှိခဲ့ပြီး စစ်တပ်၏မတရား အကြမ်းဖက် သတ်ဖြတ် နှိပ်စက်မှု များကို ခံစားနေရသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။

ပြည်သူများအနေဖြင့် ၁၉၆၂၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ နှင့် ၁၉၈၈ ခုနှစ်များတွင် စစ်အာဏာရှင်စနစ်ကို အသက်၊သွေး၊ချွေး များစွာ စတေးခံကာ ဆက်တိုက်တိုက်ပွဲ၀င်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်တွင်လည်း ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလာဒ်များကို ပစ်ပယ်ကာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို စစ်တပ်အလိုကျ ရေးဆွဲပြီး ၂၀၁၅/၂၀၂၀ ရွေးကောက်ပွဲများ ကျင်းပခဲ့သော်လည်း နောက်ဆုံးတွင် ပြည်သူက ရွေးချယ်တင်မြှောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ပြည်သူ့ကိုယ်စားလှယ်များကို ဖယ်ရှားဖမ်းဆီး၍ အာဏာသိမ်းခဲ့ပြန်ပါသည်။

ဤကဲ့သို့ မတရားအာဏာသိမ်းမှုကို ပြည်သူတရပ်လုံးမှ ဆန့်ကျင်တော်လှန်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါသည်။

ယနေ့ ၁၉၈၈ ခုနှစ် အာဏာသိမ်းနှစ်ပတ်လည်နေ့တွင် အသက်/သွေး/ချွေး စတေးကာ စစ်အာဏာရှင်ကို တော်လှန် တိုက်ခိုက်နေကြသော ပြည်သူအပေါင်းအား ဦးညွတ်အလေးပြုဂုဏ်ယူအပ်ပါသည်။

ပြည်သူတရပ်လုံးအနေဖြင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချေမှုန်းတိုက်ဖျက်သွားကြပါရန်လည်း လေးစားစွာပန်ကြား အပ်ပါသည်။

စစ်အာဏာရှင်စနစ်ကို ဖယ်ရှားကာ ပြည်သူတို့၏ လူ့အခွင့် အရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီအခွင့်အရေးများ ကို အပြည့်အ၀အာမခံမည့်၊ တိုင်းရင်းသား လူမျိုးစုများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကြီးကို အမြန်တည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ပြည်သူအပေါင်း စစ်ကျွန်ဘ၀မှ အမြန်လွတ်မြောက်နိုင်ကြပါစေ။

NEW MYANMAR FOUNDATION

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!