အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် နယူးမြန်မာဖောင်ဒေးရှင်းအပါအဝင် ထိုင်း-မြန်မာနယ်စပ်ရှိ လူ့အခွင့်အရေးလှုပ်ရှားသူ အဖွဲ့အစည်း ၂၀ ခန့် ပူးပေါင်း၍ အထိမ်းအမှတ်အခမ်းအနားကို စီစဉ်ကျင်းပခဲ့ပါသည်။
နယူးမြန်မာဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာစန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မိတ်ဘက်အဖွဲ့အစည်းများမှ အမှတ်တရ ဂုဏ်ပြုစကားများ ချီးမြှင့်ခြင်းနှင့် သဝဏ်လွှာများပေးပို့ခြင်း၊ လူ့အခွင့်အရေး လုပ်ငန်းစဉ်များကို အစဉ်တစိုက်လုပ်ဆောင်လာကြသည့် Human Rights Defenders (HRDs) များမှ အတွေ့အကြုံမျှဝေဖလှယ်ခြင်း၊ အခမ်းအနားမှ စုပေါင်းကြေညာချက် ထုတ်ပြန်ခြင်း၊ လူ့အခွင့်အရေး အသိပညာပေး သင်တန်းသူ သင်တန်းသားများအကြား ဆွေးနွေးပွဲတွင် အတွေးအမြင်ဖလှယ်ခြင်းနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုများ ပိုမိုအားကောင်းလာအောင် စုပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များ နှီးနှောဖလှယ်ခြင်းတို့ကို အခမ်းအနားတက်ရောက်လာသူများက ချစ်ကြည်ရင်းနှီးစွာ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အနေဖြင့် Asia Justice and Rights (AJAR) နှင့် Burma Record Film မှ ထုတ်လုပ်ထားသည့် The Black Masks ရုပ်ရှင်ပြသခြင်း၊ သောင်ရင်းသုခုမအဖွဲ့နှင့်အတူ အဆိုတော် တူးတူး၏ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးကို ဖော်ကျူးသည့် တေးသီချင်းများ သီဆိုဖျော်ဖြေခြင်း အစီအစဉ်များလည်း ပါဝင်ခဲ့သည်။
အခမ်းအနားဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှဝိုင်းဝန်းအားဖြည့်ပံ့ပိုးခဲ့ကြသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တဦးချင်းစီအား အထူးပင်ကျေးဇူးတင်ရှိပါသည်။
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး လှုပ်ရှားမှုများ ပိုမိုအားကောင်းခိုင်မာလာစေရေး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအကြား အချိတ်အဆက်မိမိ လက်တွဲဆောင်ရွက်နိုင်ကြပါစေကြောင်းနှင့် မြန်မာနိုင်ငံသားများအတွက် လူ့ဂုဏ်သိက္ခာနှင့်အညီ လွတ်လပ်ငြိမ်းချမ်းစွာ ရှင်သန်နေထိုင် သွားလာခွင့်နှင့် တရားမျှတမှု ရရှိခံစားနိုင်မည့်နေ့ရက်များဆီ အမြန်ဆုံးရောက်ရှိနိုင်ပါစေကြောင်း ဆန္ဒပြုလျက် လူ့အခွင့်အရေးနေ့ အခမ်းအနားပုံရိပ်အချို့ကို မှတ်တမ်းတင်အပ်ပါသည်။











