ယနေ့ကျရောက်သော (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့တွင် မြန်မာပြည်သူပြည်သား သွေးချင်းညီအကိုမောင်နှမ များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
ယနေ့သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် မြန်မာပြည် တိုင်းရင်းသားခေါင်းဆောင်အပေါင်းဆွေးနွေးတိုင်ပင်ကာ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့သော သမိုင်းဝင်နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ ပင်လုံစာချုပ်ပါ သဘောတူညီချက်များနှင့်အညီ ပြည်သူများ၏ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး၊ တိုင်းရင်းသားလူမျိူးများ၏ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံသော အနာဂါတ် ပြည်ထောင်စုကြီးကို တည်ဆောက်သွားမည်ဟု ခေါင်းဆောင်အားလုံးမှ သဘောတူခဲ့ကြပါသည်။ ၎င်းစာချုပ်ကို အခြေပြု၍ပင် လွတ်လပ်ရေး ကို တစည်းတလုံးတည်း ရယူနိုင်ခဲ့ပါသည်။
သို့သော် ပင်လုံစာချုပ်၏ အခြေခံများမှ သွေဖယ်ကာ ပြည်သူများ၏ အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို အလေးမထား၊ ပစ်ပယ်သော နိုင်ငံရေးခေါင်းဆောင်များ၊ အထူးသဖြင့် စစ်အာဏာသိမ်းမှုများအောက်တွင် ပြည်သူများနှင့် တိုင်းရင်းသား လူမျိုးများသည် အခြေခံအခွင့်အရေးများအားလုံးဆုံးရှုံးခဲ့ရသည်။ နိုင်ငံရေးပြဿနာများကို ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာရမည့်အစား အာဏာပိုင်များ၏ အကြမ်းဖက်အင်အားသုံး ဖြေရှင်းမှုများကြောင့် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်ကြီး ပေါက်ဖွားလာကာ တိုင်းရင်းသား များအပါအ၀င် ပြည်သူတရပ်လုံး၏ ဆန့်ကျင်တိုက်ပွဲဝင်မှုများ နိုင်ငံတ၀ှမ်း ပျံ့နှံ့ကြီးထွားလာခဲ့ပါသည်။
စစ်အာဏာရှင်စနစ်နှင့် စစ်တပ်အုပ်ချုပ်ရေးစနစ်ကို လုံးဝ အမြစ်ဖြတ်ဖယ်ရှားကာ ပြည်သူအားလုံးနှင့် တိုင်းရင်းသား လူမျိုးစုများ အားလုံး၏ အခွင့်အရေးများကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို တည်ဆောက်ရေးသည် မြန်မာပြည်သူများ၏ အနာဂတ်အတွက် အကောင်းဆုံးလမ်းပင်ဖြစ်သည်။ သို့ဖြစ်ပါ၍ မြန်မာပြည်သူ အားလုံးနှင့် တိုင်းရင်းသားသွေးချင်း ညီအကိုမောင်နှမများ အားလုံးသည် စစ်အာဏာရှင်စနစ်အမြန်ဆုံး ဖယ်ရှားသုတ်သင်ရေး နှင့် ဒီမိုကရေစီပြည်ထောင်စုစနစ်ကြီး တည်ဆောက်ရေးတို့ကို အားသွန် ခွန်စိုက် ဆက်လက်ကြိုးပမ်းကြပါရန် အလေးအနက်ထားပန်ကြားအပ်ပါသည်။
ဤနေ့ထူးနေ့မြတ်တွင် လူ့အခွင့်အရေးများ နှင့် တိုင်းရင်းသားအခွင့်အရေးများအတွက် တိုက်ပွဲဝင်လျှက်ရှိသော တိုင်းရင်းသား ပြည်သူအားလုံးကိုလည်း အလေးအနက် ချီးကျုးဂုဏ်ပြုအပ်ပါသည်။ မိမိတို့၏ အသက်၊ ကိုယ်ခန္ဓာ၊ စည်းစိမ်ဥစ္စာများကို စွန့်လွတ်ခဲ့ကြသူ အပေါင်းကိုလည်း ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။
စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းပါစေ။
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်နိုင်ပါစေ။
လူ့အခွင့်အရေးနှင့်တိုင်းရင်းသား အခွင့်အရေးအပြည့်အဝ ရရှိကြပါစေ။
New Myanmar Foundation